ပူတင်၏ နျူကလီးယား ခြိမ်းခြောက်မှုက ‘အလွန်အမင်း အန္တရာယ်’ ရှိဟု နိုဘယ်ဆုရှင်များအဖွဲ့ ပြော 

ပူတင်၏ နျူကလီးယား ခြိမ်းခြောက်မှုက ‘အလွန်အမင်း အန္တရာယ်’ ရှိဟု နိုဘယ်ဆုရှင်များအဖွဲ့ ပြော 
Photo - AFP

မတ် ၉

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းအား ကျူးကျော်ရာ၌ နိုင်ငံတကာ အသိုင်းအဝိုင်း ကြားဝင်စွက်ဖက်မှု မရှိစေရန် နျူကလီးယားကို “အကျပ်ကိုင် ခြိမ်းခြောက်မှု”အဖြစ် အသုံးချနေကြောင်း နိုဘယ်ဆုရှင်များအဖွဲ့ ICAN အကြီးအကဲက ပြောသည်။ 

“နျူကလီးယားလက်နက်နဲ့ ပတ်သက်လို့ ဒီတစ်ကြိမ်ဟာ အမှန်တကယ် ကြောက်လန့်စရာအကောင်းဆုံး အခိုက်အတန့်ပါပဲ”ဟု နိုင်ငံတကာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအဖွဲ့ ICAN ၏ အကြီးအကဲ ဘီယာထရစ် ဖင်းက အင်္ဂါနေ့ အင်တာဗျူးတစ်ရပ်၌ အေအက်ဖ်ပီသို့ ပြောခြင်း ဖြစ်သည်။ 

သူမ ဘဝတစ်လျှောက်၌ ယခု နျူကလီးယား ခြိမ်းခြောက်မှုလောက် ကြီးမားသော ခြိမ်းခြောက်မှုကို မသိမြင်ဘူးကြောင်း ၂၀၁၃ မှစတင်ကာ ဖျက်အားပြင်း လက်နက်များ တားမြစ်ရေးတွင် အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ အားထုတ်မှုများ၌ ဦးဆောင်နေသူ အသက် ၄၀ ရှိ ဘီယာထရစ် ဖင်းက ဆိုသည်။ 

“ဒါဟာ အလွန့်အလွန် စိုးရိမ်စရာ လုံးဝ ကောင်းပါတယ်”ဟု သူက ပြောသည်။ 

အနောက်လိုလားသော အိမ်းနီးချင်း ယူကရိန်းနိုင်ငံကို အပြည့်အဝ ကျူးကျော်မှုအား ရုရှသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ပြီး ရက်ပိုင်းအတွင်းမှာပင် ပူတင်က ၎င်း နိုင်ငံ၏ နျူကလီးယားတပ်ဖွဲ့အား တပ်လှန့်အသင့်ရှိရန် အမိန့်ထုတ်လိုက်ခြင်းကြောင့် တစ်ကမ္ဘာ့လုံး အထိတ်တလန့် ဖြစ်ခဲ့ရသည်။ 

အင်္ဂါနေ့၌ အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောရာ၌ အမေရိကန် အမျိုးသား ထောက်လှမ်းရေးရုံး ညွှန်ကြားရေးမှူး အဗရယ် ဟိန်းစ်က ပူတင်၏ လုပ်ရပ်သည် “အလွန်အမင်း အန္တရာယ်” ရှိသည်ဟု ဖော်ထုတ်ပြောဆိုခဲ့သည်။ 

“၁၉၆၀ ခုနှစ်တွေက စလို့ အရှိန်မြှင့်တဲ့ နျူကလီးယား တပ်လှန့်တဲ့ အခြေအနေမျိုး ရုရှဆီကနေ အများသိ ကြေညာတာမျိုး ကျွန်မတို့ မမြင်ဖူးဘူး”ဟု ၎င်းက ထောက်ပြသည်။ 

ဘီယာထရစ် ဖင်းကလည်း ပူတင်၏ လုပ်ရပ်သည် “အလွန်အမင်း အန္တရာယ်” ရှိသည်ဟု ဆိုသည်။ 

“ဒါဟာ တစ်ကမ္ဘာလုံးကို ကြောက်လန့်စေရုံတင်မကဘူး၊ ယူကရိန်းကို ကူညီတဲ့ ဘယ်သူ့ကို မဆို စိုးရိမ်​ချောက်ချားစေတာပဲ”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly