ယူကရိန်းပြည်သူများ ဘေးလွတ်ရာထွက်ပြေးလျက်ရှိစဉ် ရုရှ ရေနံတင်သွင်းမှုကို အနောက်နိုင်ငံများ ရပ်ဆိုင်း 

ယူကရိန်းပြည်သူများ ဘေးလွတ်ရာထွက်ပြေးလျက်ရှိစဉ် ရုရှ ရေနံတင်သွင်းမှုကို အနောက်နိုင်ငံများ ရပ်ဆိုင်း 
Photo - AFP

မတ် ၉

ယူကရိန်းတွင် ရုရှ၏ လက်နက်ကြီး ပစ်ခတ်မှုများကြားမှ ရေးကြီးသုတ်ပျာ ဘေးလွတ်ရာ ရွှေ့ပြောင်းရမှုများ၌ ဝိုင်းရံခံ မြို့များမှ အရပ်သားများ ထွက်ပြေးလျက်ရှိကြစဉ် ရုရှ၏ ရေနံတင်သွင်းမှုကို တားမြစ်ပိတ်ပင်ကာ အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုက ရုရှ၏ စီးပွားရေး အသက်သွေးကြောကို အင်္ဂါနေ့တွင် ထိုးနှက်တိုက်ခိုက်သည်။ 

သမ္မတ ဗလာဒီမာ ပူတင်၏ အရေးပါဆုံးသော ဘဏ္ဍာဝင်ငွေ ရင်းမြစ်ကို ပစ်မှတ်ထားပြီး “ရုရှ၏ စီးပွားရေး ပင်မသွေးကြော”ကို တိုက်ခိုက်ခြင်းအဖြစ် အမေရိကန်၏ ကုန်သွယ်မှု ပိတ်ပင်ချက်ကို သမ္မတ ဂျိုး ဘိုင်ဒင်က ကြေညာပြီး ယူကရိန်းသည် ပူတင်အတွက် “ဘယ်တော့မှ အောင်ပွဲ မဖြစ်စေရ” ဟု ယတိပြတ် ပြောဆိုသည်။ 

ကျူးကျော်မှု သီတင်းသုံးပတ်မြောက်သို့ ချည်းကပ်လာစဉ် ဗြိတိန်နိုင်ငံကလည်း ရုရှ၏ ရေနံကို နှစ်ကုန်အထိ အဆင့်ဆင့် ရုပ်သိမ်းသွားမည်ဟု ပြောဆိုသည်။ ရေနံကုမ္ပဏီကြီးများဖြစ်သည့် BP နှင့် Shell ကုမ္ပဏီကြီးများကလည်း ရုရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝယ်ယူခြင်းကို ချက်ချင်း ရပ်တန့်ကြောင်း ကြေညာသကဲ့သို့ ဥရောပသမဂ္ဂကလည်း သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို သုံးပုံနှစ်ပုံအထိ လျှော့ချရန် စိုင်းပြင်းလာသည်။ 

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၏ အလျင်မြန်ဆုံး ကြီးထွားသော ဒုက္ခသည်အကျပ်အတည်းအဖြစ် ယူကရိန်းတွင် ရုရှ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးရသော မြို့များမှ လွတ်မြောက်ရန် ယူကရိန်း နယ်စပ်တစ်လျှောက် ထွက်ပြေးလာကြသော အရပ်သား နှစ်သန်းကျော်ထက်မနည်းရှိသည်ဟု ကုလသမဂ္ဂက ပြောထားချိန်၌ ရုရှ၏ စီးပွားရေးကို အနောက်အုပ်စုက ယခုကဲ့သို့ တိုက်ခိုက်လာခဲ့ခြင်းလည်း ဖြစ်သည်။ 

မြောက်ပိုင်း ဆူမီမြို့တွင် ပြင်းထန်သည့် တိုက်ပွဲများ ရက်များစွာ ဖြစ်ပွားပြီးနောက် ရုရှက ၎င်း၏ တပ်ဖွဲ့များ ပစ်မှတ်ထားတိုက်ခိုက်နေသော မြို့များတွင် အပစ်ရပ်ထားမည်ဟူသော သဘောတူညီချက်အားဖြင့် လူသားချင်းစာနာထောက်ထားရေး စင်္ကြံတစ်လျှောက် ဘေးလွတ်ရာ ရွှေ့ပြောင်းကြသော မိသားစုများကို တင်ဆောင်လာသည့် ပထမဆုံး ဘတ်စ်ကား ၂၂ စီးပါ ယာဉ်တန်းသည် ယူကရိန်းအလယ်ပိုင်းသို့ ရောက်ရှိလာပြီး ဒုတိယမြောက်ယာဉ်တန်းလည်း ထွက်ခွာလာပြီ ဖြစ်သည်။ 

ဆူမီမြို့တွင် တနင်္လာနေ့က လေကြောင်းတိုက်ခိုက်မှုများ၌ ကလေးနှစ်ဦးအပါအဝင် လူ ၂၁ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းက ပြောသည်။ 

“ကမ္ဘာပျက်မတတ်” အခြေအနေတွင် လူထောင်ပေါင်းများစွာ နေထိုင်နေရသည်ဟု အကူအညီပေးရေးလုပ်သားများက ပြောကြသော ပိတ်ဆို့ခံ မာရူပိုဆိပ်ကမ်းမြို့မှ ဘေးလွတ်ရာ ကယ်ထုတ်ရေး ကြိုးပမ်းမှုများမှာ ပျက်ပြားမှုများ ရှိနေပြီး ရုရှသည် “လူမျိုးတုံး သတ်ဖြတ်မှု” လုပ်ရပ်အဖြစ် ထွက်ပြေးသော အရပ်သားများကို တိုက်ခိုက်နေသည့်ဟု ယူကရိန်းက စွပ်စွဲပြောဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly