ရုရှအပေါ် နိုင်ငံတကာက ကုန်သွယ်ရေးအရ ပိတ်ဆို့သပိတ်မှောက်ရေး ယူကရိန်းသမ္မတ တောင်းဆို

ရုရှအပေါ် နိုင်ငံတကာက ကုန်သွယ်ရေးအရ ပိတ်ဆို့သပိတ်မှောက်ရေး ယူကရိန်းသမ္မတ တောင်းဆို

မတ် ၈

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သည့် ရုရှအပေါ် နိုင်ငံတကာက ဒဏ်ခတ်အရေးယူမှုအသစ်များ ထပ်မံလုပ်ဆောင်သွားရေး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မတ်လ ၇ ရက်တွင် တောင်းဆိုသွားခဲ့သည်။

ရုရှ ရေနံနှင့် အခြားသော ရုရှ ပို့ကုန်များကို သပိတ်မှောက်ရေးနှင့် ရုရှသို့ ပို့ကုန်တင်ပို့မှုများ ရပ်ဆိုင်းရေးအတွက် ဇီလန်စကီးက အဆိုပြုခဲ့ခြင်း ဖြစ်သည်။

အနောက်အုပ်စုက ချမှတ်သည့် ဒဏ်ခတ်အရေးယူမှုများကြောင့်လည်း ရုရှအနေဖြင့် ယခင် တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ထားခဲ့ဖူးသည့် အတိုင်းအတာတစ်ခုဖြင့် အထီးကျန်ကာ ရှိနေရပြီး ဖြစ်သည်။

စီးပွားရေးအရ ဖိအားပေးမှုကို မြှင့်တင်ရန် လိုကြောင်း ဇီလန်စကီးက ပြောပြီး ရုရှအပေါ် နိုင်ငံတကာ ကုန်သွယ်မှု ပိတ်ပင်မှုတစ်ခု ဖော်ဆောင်ရေး တောင်းဆိုသွားခဲ့သည်။

“တကယ်လို့ ကျူးကျော်မှု ဆက်ရှိနေပြီး ရုရှဘက်က ယူကရိန်းကို ကျူးကျော်တဲ့ သူတို့ရဲ့ အစီအစဉ်တွေကို မစွန့်လွှတ်ဘူးဆိုရင် ငြိမ်းချမ်းဖို့အတွက် ဒဏ်ခတ်ပိတ်ဆို့မှု အစီအစဉ်သစ်တစ်ရပ် လိုပါလိမ့်မယ်” ဟု ယူကရိန်းသမ္မတက ဗီဒီယို မိန့်ခွန်းတစ်ခုတွင် ပြောသည်။ အထူးသဖြင့် ရုရှ ရေနံနှင့် ရေနံထုတ်ကုန်များအပေါ် သပိတ်မှောက်ရေး ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရုရှနဲ့ပတ်သက်တဲ့ သွင်းကုန်တွေကို သပိတ်မှောက်ကြပါ။ တိုးတက်ယဉ်ကျေးတဲ့ စည်းမျဉ်းတွေကိုမှ သူတို့ မလိုက်နာဘူးဆိုရင် ခေတ်မီလူမှုအဖွဲ့အစည်းဆီက ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကိုလည်း သူတို့ မရရှိသင့်ပါဘူး” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required