ဒေသခံ နှင့် ကုန်ထုတ်သမအသင်း ပိုင်ဆိုင်ခွင့်အငြင်းပွားနေသည့်မြေ သမအသင်းကို ပုံစံ ရ ချပေး၍ ဒေသခံများ ဆန္ဒပြ

ဒေသခံ နှင့် ကုန်ထုတ်သမအသင်း ပိုင်ဆိုင်ခွင့်အငြင်းပွားနေသည့်မြေ သမအသင်းကို ပုံစံ ရ ချပေး၍ ဒေသခံများ ဆန္ဒပြ

မန္တလေး၊ ဇန်နဝါရီ ၂၀ ။               ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်စရစ်မြောက်ကျေးရွာ ကွင်းအမှတ်(၁၄၃၊၁၄၄)နှင့် ရေနံ့သာကွင်း အမှတ်(၁၄၉) အတွင်းရှိ လယ်မြေဧက ၆၀၀ ကျော်အတွက် ဒေသခံတောင်သူများ နှင့် ရေနံသာအဆင့်မြင့် ကုန်ထုတ်သမဝါယမအသင်းတို့ ပိုင်ဆိုင်ခွင့်အငြင်းပွားဆဲဖြစ်ပြီး ကုန်ထုတ်သမအသင်းသို့ ပုံစံ (၇) ချထားပေးလိုက်၍   ဒေသခံတောင်သူ ၁၀၀ဦးက မြို့နယ် မြေစာရင်းနှင့် မြို့နယ်ထွေ/အုပ်ကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက်က စပြီး ဆန္ဒပြခဲ့သည်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုရဲရင့်အောင် က "သ/မ ကို ပုံစံ(၇)ချမပေးဖို့ ကန့်ကွက်စာတွေ အကြိမ်ကြိမ်တင်တယ်။ရွာသူရွာသားတွေကိုယ်တိုင်သွားပြီး၊ ထွေအုပ်နဲ့မြေစာရင်းကို သွားတားလည်း အကြိမ်ကြိမ်ပါ။ အဲဒီကြားထဲကကို အခုလို ပုံစံ(၇)ကို ထုတ်ပေးလိုက်တာပဲ။ ပြီးတော့ အဲဒီမြေတွေက ကျွန်တော်တို့တောင်သူတွေပိုင်တာလေ။ သမက သိမ်းထားတာပါ။ ဒါကြောင့် ထွန်တုံးတိုက်ပွဲဝင်ပြီး ပြန်သိမ်းခဲ့တာပါ။ ဒီကိစ္စက မပြီးသေးဘူး။ ဒါကို အစိုးရသစ်မတက်ခင် ပုံစံ(၇)ကို ထုတ်ပေးတာဟာ လုပ်လို့ရတုန်း အပြီးလုပ်ပြီး ကျွန်တော်တို့မြေကို ဘယ်တော့မှပြန် မပေးတော့ဘူးဆိုတဲ့ပုံစံနဲ့လုပ်တာပါ။ ဒါကိုလက်မခံလို့ ဒီနေ့ဆန္ဒပြကြတာပဲ။"ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါဒေသခံများပိုင်ဆိုင်သည့် လယ်မြေများကို ၁၉၈၇ ခုနှစ်တွင် လျော်ကြေး၊ နစ်နာကြေးမပေးဘဲ သိမ်းဆည်းခဲ့သောကြောင့် ၂၀၁၄ခုနှစ်၊ မတ်လ ၃ ရက်မှစတင်၍ ထွန်တုံးတိုက်ပွဲ အကြိမ်ကြိမ်ဝင်၍ လယ်မြေများပြန်ရအောင် တိုက်ပွဲနေဆဲဖြစ်ပြီး ရေနံ့သာအဆင့်မြင့်ကုန်ထုတ် သမဝါယမအသင်းသို့ ပုစံ(၇)ချမပေးရန်အတွက် ကန့်ကွက်နေဆဲမှာပင် မတ္တရာမြို့နယ်မြေစာရင်းဦးစီးဌာနမှ ဇန်နဝါရီလ ၈ ရက်က ပုံစံ(၇)ချထားပေးလိုက်သည်ကို မကျေနပ်သောကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ကိုရဲရင့်အောင်ကဆိုသည်။

ဆန္ဒပြသူများသည် မတ္တရာ ကျောက်စရစ်မြောက်လယ်မြေ ဘယ်သူ့မြေလဲ(ငါတို့မြေ)၊ တရားမဝင် ပုံစံ(၇) ဖျက်သိမ်းပစ်(ဖျက်သိမ်းပစ်)၊ မတ္တရာ မြေစာရင်းဌာနအား (အရေးယူပေး)၊ အငြင်းပွားလယ်ယာမြေများ လယ်ယာမြေဥပဒေနှင့်အညီ(ဖြေရှင်းပေး)စသည့်ဖြင့် ကြွေးကြော်၍ မတ္တရာမြို့အတွင်းသို့ လှည့်လည်၍ ဆန္ဒပြကြသည်။

ပုံစံ(၇)ချထားပေးမှုနှင့် ပတ်သက်၍ မတ္တရာမြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးက "လုပ်ထုံးလုပ်နည်းနဲ့အညီ ချထားပေးတယ်။ သူတို့ဆန္ဒပြတာမသိဘူး။ ဘယ်လိုချပေးတယ်ဆိုတာကို ဖြေဖို့က အထက်ကိုတင်ပြပြီးမှဖြေလို့ရမယ်။အခုတော့ ဖြေလို့မရဘူး။"ဟု မဇ္ဈိမကိုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly