ပါကစ္စတန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆို တင်သွင်းရန် အတိုက်အခံများ ပြင်ဆင်နေ

By Arab News
08 March 2022
ပါကစ္စတန်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိ အဆို တင်သွင်းရန် အတိုက်အခံများ ပြင်ဆင်နေ

ပါကစ္စတန် အတိုက်အခံပါတီများသည် ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတစ်ရပ် တင်သွင်းရန် အသေးစိတ်ကိစ္စများကို စီစဉ်လုပ်ဆောင်လျက် ရှိသည်။

အဆိုပါ အစီအစဉ်ကို ရက်သတ္တပတ် ၂ ပတ်ကျော်အတွင်း အပြီးသတ်သွားမည်ဟု အတိုက်အခံ ခေါင်းဆောင်တစ်ဦးက ပြောသည်။

အစိုးရအပေါ် အယုံအကြည်မရှိ အဆို တင်မည့် အစီအစဉ်များကို ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့က ဖေဖေါ်ဝါရီ ၁၁ ရက်တွင် ပထမဆုံး ထုတ်ဖော်ကြေညာခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့သည် ပါတီ ၉ခုနှင့် ဖွဲ့စည်းထားသည့် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့တစ်ခု ဖြစ်သည်။

ပါကစ္စတန်ပြည်သူများသည် လက်ရှိ အစိုးရအပေါ်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေကြကြောင်း ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် ပါတီမှ ရှာဟစ် ကာခန် အက်ဘာစီက ပြောသည်။

“ပြည်သူတွေက ဒီ အစိုးရရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်ကုန်နေကြပါပြီ။ သူတို့က ခု အစိုးရကို ဖြုတ်ချချင်နေကြပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည့် အက်ဘာစီက ဖေဖေါ်ဝါရီ ၂၇ ရက်က Arab News ကို ပြောသည်။

ပါကစ္စတန် အမျိုးသားလွှတ်တော်၌ အစိုးရကို ဖြုတ်ချရန်အလို့ငှာ လိုအပ်သည့် မဲ ၁၇၂ မဲ ရရန် ၁၆ မဲ လိုအပ်နေ သည့် အတိုက်အခံ ညွန့်ပေါင်းအုပ်စုသည် ယခုအခါ အစိုးရနှင့် လက်ရှိ မဟာမိတ်ဖွဲ့ထားသည့် အရွယ်အစားသေး ပါတီများကို ဆွဲဆောင်သိမ်းသွင်းနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

“ဒီ အစိုးရကို ဖြုတ်ချဖို့အတွက် အမျိုးသားလွှတ်တော်မှာ လိုအပ်တဲ့ အရေအတွက် ကျွန်တော်တို့မှာ ရှိပါတယ်။ ခန့်မှန်းခြေအားဖြင့်တော့ ကျွန်တော်တို့ဟာ လာမယ့် ၁၀ ရက်အတွင်း အစိုးရအပေါ် အယုံအကြည်မရှိ အဆို တင်သွားနိုင်ပါလိမ့်မယ်” ဟု အက်ဘာစီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly