ပေကျင်းအိုလံပစ်မပြီးဆုံးမီ ယူကရိန်းကို မတိုက်ခိုက်ရန် ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်က ရုရှားကို ပြောကြားခဲ့

ပေကျင်းအိုလံပစ်မပြီးဆုံးမီ ယူကရိန်းကို မတိုက်ခိုက်ရန် ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်က ရုရှားကို ပြောကြားခဲ့

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော် မပြီးဆုံးမီ ယူကရိန်းကို မကျူးကျော်ရန် ဖေဖော်ဝါရီလ အစောပိုင်းတွင် တရုတ်အကြီးတန်း အရာရှိများက ရုရှား အရာရှိများကို ပြောကြားခဲ့သည်ဟု အနောက်နိုင်ငံ ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ထိပ်တန်း အုပ်ချုပ်ရေး အရာရှိများနှင့် ဥရောပအရာရှိတစ်ဦးကို ကိုးကား၍ The New York Times က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကျူးကျော်မှု မစတင်မီ ရုရှား၏ စစ်ရေးအစီအစဉ်များ သို့မဟုတ် ရည်ရွယ်ချက် များနှင့် ပတ်သက်၍ တရုတ်အကြီးတန်း အရာရှိများက အတိုင်းအတာတစ်ခုအထိ သိရှိထားပုံရကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလက ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အိုလံပစ်ဖွင့်ပွဲအခမ်းအနားမတိုင်မီ တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့် ပေကျင်းမြို့တွင် တွေ့ဆုံခဲ့သည်။

စာလုံးရေ ၅,ဝဝဝ ပါ ကြေညာချက်ကို ထုတ်ပြန်ချိန်တွင် တရုတ်နှင့် ရုရှားတို့သည် ယင်းတို့၏ မိတ်ဖက် ဆက်ဆံရေး တွင် အကန့်အသတ်မရှိကြောင်း ကြေညာခဲ့ပြီး နေတိုး၏ တိုးချဲ့မှုကို ရှုတ်ချကာ စစ်မှန်သော ဒီမိုကရေစီစနစ်ဖြင့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်သစ်တစ်ရပ်ကို ထူထောင်သွားမည်ဟု အခိုင်အမာ ပြောကြားခဲ့ကြောင်း NYT သတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက်က အိုလံပစ်ပိတ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

နောက်တစ်နေ့တွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ပူတင်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့အကြား တွေ့ဆုံမှု အကြောင်း ထုတ်လွှင့်ခဲ့ပြီးနောက် ရှည်လျားသော မိန့်ခွန်းတွင် ယူကရိန်းသည် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိမည့်အစား ရုရှား၏ အစိတ်အပိုင်းတစ်ခုဖြစ်သင့်ကြောင်း ပြောကြားကာ ယူကရိန်းအရှေ့ပိုင်းရှိ သောင်းကျန်းသူ ထိန်းချုပ်နယ်မြေအတွင်းသို့ ရုရှားတပ်ဖွဲ့ဝင်များ ဝင်ရောက်ရန် သမ္မတပူတင်က အမိန့်ပေးခဲ့ကြောင်း NYT သတင်းတွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၄ ရက် အစောပိုင်းတွင် ရုရှားစစ်တပ်သည် ပဲ့ထိန်းဒုံးကျည်များ၊ အမြောက်များနှင့် တင့်ကားတပ်ဖွဲ့ များဖြင့် ယူကရိန်းမြို့များကို တိုက်ခိုက်ခြင်း အပါအဝင် ယူကရိန်းနိုင်ငံကို အပြည့်အဝ ကျူးကျော်တိုက်ခိုက်ခဲ့ သည်။

တရုတ်နှင့် ရုရှားတို့သည် စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို နှစ်ပေါင်းများစွာ ခိုင်မာအားကောင်းစေခဲ့သည်။

အိုလံပစ်ပွဲတော်မတိုင်မီ ရှီနှင့် ပူတင်တို့သည် နိုင်ငံ့ခေါင်းဆောင်များအဖြစ် ၃၇ ကြိမ် တွေ့ဆုံခဲ့ကြသည်ဟု NYT က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly