နယူးဒေလီမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ရံပုံငွေ အားကစားပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

နယူးဒေလီမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ရံပုံငွေ အားကစားပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပ

မတ် ၇

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ရံပုံငွေအတွက် အားကစားပွဲနှင့် ဈေးရောင်း ပွဲတော်အား မတ်လ ၇ ရက် ယနေ့ စတင် ဖွင့်လှစ်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

“ကျွန်တော်တို့ အခြေအနေက တစ်ခြား နိုင်ငံခြားက လူတွေလို ငွေကြေး အများကြီး ထောက်ပံ့နိုင်တဲ့ အခြေအနေ မရှိပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ သူရဲကောင်းတွေက တိုင်းပြည်အတွက် အသက်တွေ ခန္ဓာတွေကို စွန့်လွှတ် တိုက်ပွဲဝင်နေချိန်မှာ ကျွန်တော်တို့ ကလည်း နည်းတာများတာ မရေတွက်ပဲ နိုင်တဲ့ဘက်က ပါဝင်ဖို့ စတင် လုပ်ဆောင်ကြတာပါ” ဟု CDF Supporting Group မှ Salai Cung Dawt က ပြောသည်။

မတ်လ ၇ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပမည့် အဆိုပါပွဲတွင် ယှဉ်ပြိုင်ကြမည့် ဘောလုံး အသင်းများမှာ Lailun ၊ Mara ၊ Chin Star ၊ Dailad ၊ Leoyoshida ၊ The Lakher ၊ Mizo ၊ Cinrung ၊ Zotung ၊ Zomi ၊ Zophei (A) , (B) ၊ Bungtla (A) နှင့် (B) အသင်းတို့ဖြစ်ပြီး ဘော်လီဘော ပြိုင်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း ဆိုသည်။

CDF Supporting Group က အစားအသောက်များ ရောင်းချ၍ ရံပုံငွေ ရှာမည်ဖြစ်ပြီး CRPH-NUG Support Group ကလည်း ရောင်းချရသည့် အမြတ်ငွေ အားလုံး လှူဒါန်းမည်ဖြစ်ကာ အခြား ဈေးဆိုင်များ ထံမှလည်း အလှူငွေများ ရရှိရန် မျှော်လင့်ကြောင်း သိရသည်။

ရံပုံငွေများအား ချင်းအမျိုးသား တပ်မတော် CNA နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CDF များ ပူးပေါင်း ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပူးပေါင်း ကာကွယ်ရေး ကော်မတီ CJDC ထံ လှူဒါန်းမည် ဖြစ်ကြောင်း ဆိုသည်။

နယူးဒေလီမြို့တွင် မြန်မာနိုင်ငံသား ဒုက္ခသည် ၆၀၀၀ ခန့်ရှိကြာင်း ဒုက္ခသည် အကူအညီပေးရေး အဖွဲ့အစည်းများ ထံမှ သိရသည်။

#Mizzima

#နယူးဒေလီမြို့

#CNA

#CDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly