"ယူကရိန်း၏ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်" ရပ်တည်မှုကို ပူတင် ခြိမ်းခြောက် ပြောဆို

"ယူကရိန်း၏ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ်" ရပ်တည်မှုကို ပူတင် ခြိမ်းခြောက် ပြောဆို
Photo - AFP

မတ် ၆

ယူကရိန်း၏ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရပ်တည်မှုနှင့်ပတ်သက်ပြီး ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက် ပြောဆိုသွားခဲ့သည်။

ပူတင်၏ ရုရှစစ်တပ်က အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်ဝင်ရောက်တိုက်ခိုက်နေရာတွင် မတ်လ ၆ ရက်၌ ယူကရိန်း၏ ပြင်းထန်သည့် ပြန်လည်ခုခံမှုနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သလို ရုရှ စီးပွားရေးသည်လည်း ဒဏ်ခတ်အရေးယူခံရမှုများကြောင့် ပို၍ နစ်မွန်းလာနေလျက် ရှိသည်။

မော်စကို ကို ကမ္ဘာ့ စီးပွားရေးကနေ ဖယ်ထုတ်ရန် နောက်ထပ် ကြိုးပမ်းအားထုတ်မှုအဖြစ် အမေရိကန် အခြေစိုက် ငွေပေးချေမှု နည်းပညာကုမ္ပဏီများ ဖြစ်သည့် Visa နှင့် Mastercard တို့က ၎င်းတို့အနေဖြင့် ရုရှ ရှိ လုပ်ငန်းများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ကြေညာခဲ့သလို ယူကရိန်းအပေါ် အပြင်းအထန် အရှိန်မြှင့် တိုက်ခိုက်နေမှုနှင့်ပတ်သက်ပြီး ရုရှအပေါ် တုံ့ပြန်အရေးယူသွားမည်ဟု ကမ္ဘာ့ခေါင်းဆောင်များက သန္နိဋ္ဌာန်ချ ပြောဆိုထားကြသည်။

“လက်ရှိ (ယူကရိန်း) အာဏာပိုင်တွေအနေနဲ့ လက်ရှိ သူတို့ အခု လုပ်နေတာတွေအတိုင်း ဆက်လုပ်သွားမယ် ဆိုရင် သူတို့ဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ရှိနေမှုရဲ့ အနာဂတ်ကို မရေမရာ ဖြစ်အောင် လုပ်နေသလို ဖြစ်တယ် ဆိုတာကို သဘောပေါက် နားလည်ရပါလိမ့်မယ်” ဟု ပူတင်က မတ်လ ၅ ရက်တွင် ပြောဆိုခဲ့သည်။

“တကယ်လို့ အဲဒါမျိုး ဖြစ်လာမယ် ဆိုရင် သူတို့ (ယူကရိန်းအာဏာပိုင်များ) မှာ အပြည့်အဝ တာဝန် ရှိပါလိမ့်မယ်” ဟု ပူတင်က ပြောခဲ့သည်။

ရုရှတို့ ပြီးခဲ့သည့် ၁၀ ရက်အကြာက ယူကရိန်းကို စတင် ကျူးကျော်ပြီးနောက် စစ်ကြောင့် ဖြစ်ပေါ်သော စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဆုံးရှုံးမှုက မနားတမ်း ထိုးတက်နေပြီး လူပေါင်း တစ်သန်းကျော်အထိ ယူကရိန်းကနေ ထွက်ပြေးထားခဲ့ကြပြီး ဖြစ်သည်။ ထို့ပြင် အရပ်သား ရာချီ သေဆုံးပြီး ထောင်ချီ ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယူကရိန်းစစ်တပ်က တနင်္ဂနွေနေ့တွင် တင်ခဲ့သည့် ဖေ့ဘွတ်ခ်ပို့စ်တစ်ခုအရ ၎င်းတို့သည် တောင်ပိုင်းမြို့ မစ်ကောလေ့ဗ်နှင့် မြောက်ဘက်ရှိ ချာနိုက်ဗ်တို့၌ နယ်နိမိတ်များကို ထိန်းချုပ်နိုင်ရေးအတွက် ရုရှတပ်များနှင့်အကြား “ပြင်းထန်တိုက်ပွဲများ” ဆင်နွှဲခဲ့ရကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly