ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထုတ်ကုန်များကို မရောင်းချရန် KIAက စာပို့ အကြောင်းကြား

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ထုတ်ကုန်များကို မရောင်းချရန် KIAက စာပို့ အကြောင်းကြား

မတ် ၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် မတ်လ ၂၀ ရက်မှ စတင်ကာ စစ်ကောင်စီတပ်၏ ထုတ်ကုန်များဖြစ်သည့် အရက်၊ဘီယာ၊ စားသောက်ကုန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ကေအိုင်အေက ဆိုင်ရှင်များထံ စာပို့အကြောင်းကြားနေကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ကျောထောက်နောက်ခံပြု ထုတ်လုပ်ရောင်းချနေသည့် ထုတ်ကုန်များဖြစ်သည့် Myanmar beer ,Dagon beer ,ABC ,RUM, Andaman beer, Dagon Gin ,Dagon Extra Strong Beer,Dagon Single Malt Larger Beer ,Mandalay Beer,Black Shield  Stout , Myanmar Premium Beerနှင့် ဆောက်လုပ်ရေး လုပ် ငန်းသုံး ဆင်မင်းဘိလပ်မြေ များကို ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း မပြုလုပ်ရန် KIA က စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ BAR  နှင့် KTV ဆိုင်များသို့ အသိပေးစာ ပေးပို့လျက်ရှိကြောင်း သိရသည်။

ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက “စာအိတ်မှာ ဆိုင်နာမည် တပ်ပြီး မနေ့ကပဲ စာလာပို့သွားတယ် ။ ကျွန်တော်တို့ ဆီမှာ စစ်တပ်ထုတ်ကုန်တွေ လက်ကျန်ကုန်ရင် ထပ်မတင်တော့ဘူး”ဟု ပြောသည်။ 

ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ် ထုတ်ကုန်များ ရောင်းချခြင်းမပြုရန် ဖေဖော်ဝါရီလ ၂၆ ရက်က လည်း KIA က အသိပေးစာ ထုတ်ပြန်ထားသည်။

ထိုသို့ သတင်းထုတ်ပြန်ထားခြင်းကို အင်တာနက် ဖြတ်တောက်ခံထားရခြင်းကြောင့် ဖားကန့်ပြည်သူအများစု မသိရှိကြကြောင်း၊ ယခုရက်ပိုင်း KIA က ဆိုင်များကို စာပို့အကြောင်းမှသာလျှင် သိရကြောင်း ဒေသခံပြည်သူတစ်ဦးက ဆိုသည်။ 

ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက “ဆိုင်ကြီးတွေဆီတော့ အသိပေးစာ ပို့ပြီးသွားပြီ။  ဆိုင်အသေးတွေဆီတော့ စာလာမပို့သေးဘူး” ဟု ပြောသည်။

ဆိုင်ပိုင်ရှင် နောက်ထပ်တစ်ဦးကလည်း “ကျွန်တော့်ဆိုင်မှာ လက်ကျန် တင်ထားတာကုန်ရင်ဆက်မရောင်းတော့ဘူး ။ KIA ဘက်ကလည်း တစ်လ နီးပါးကြို အသိပေးတော့ ပစ္စည်းတွေ အများကြီး မလှောင်ထားမိတော့ဘူးပေါ့” ဟု ပြောသည်။

#MizzimaTV
#KIA
#စစ်ကောင်စီတပ် ထုတ်ကုန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly