ရှမ်းပြည်နယ်တောင်ပိုင်းဆိုင်ရာ ဝန်ကြီးဌာန က အကျင့်ပျက်ခြစားနေတဲ့ ဝန်ထမ်းများ

ရှမ်းပြည်နယ်တောင်ပိုင်းဆိုင်ရာ ဝန်ကြီးဌာန က အကျင့်ပျက်ခြစားနေတဲ့ ဝန်ထမ်းများ

မတ် ၅

ကျွန်တော် နေထိုင်တဲ့ ရပ်စောက်မြို့နယ်မှာ ရှမ်းပြည်တောင်ပိုင်းဆိုင်ရာ ဝန်ကြီးဌာနတွေက ဝန်ထမ်းတချို့ဥပဒေကို ချိုးဖောက်ပြီး အကျင့်ပျက်ခြစားနေကြပါတယ်။

လယ်ယာမြေ ဦးစီးဌာနက ဝန်ထမ်းတွေဆိုရင် အာဏာရှိတဲ့သူ၊ ငွေရှိတဲ့သူတွေနဲ့ ပေါင်းပြီး မြေပိုင်ဆိုင်မှု ဆိုင်ရာ စာရွက်စာတမ်းတွေ လုပ်ပေးနေပါတယ်။ အဲ့ဒါကြောင့် အာဏာရှိတဲ့သူနဲ့ ငွေရှိတဲ့သူတွေလက်ထဲမှာပဲ မြေယာပိုင်ဆိုင်မှုက အများဆုံးရှိနေပါတယ်။

လယ်ယာစီမံကိန်း လုပ်ငန်းတွေ ဒေသမှာ လာရောက် လုပ်ဆောင်တုန်းကလည်း စည်းစနစ်ထက် ငွေကြေးကိုပဲ ပိုအာရုံစိုက်ပြီး လုပ်တာ တွေ့ရပါတယ်။

သစ်တောဦးစီးဌာန ဝန်ထမ်းတွေကလည်း ထိုနည်းတူပါပဲ။ တရားမဝင် သစ်ခိုးထုတ်သူတွေနဲ့ ပေါင်းပြီး ဥပဒေမဲ့ သစ်ခုတ်နေတာတွေကို မျက်ကွယ်ပြုထားပါတယ်။

သစ်ခိုးထုတ်သူတွေက သက်ဆိုင်ရာတွေ လာရောက်စစ်ဆေးမယ့် ရက်ကိုတောင် ကြိုသိနေကြတာပါ။ သစ်တောဝန်ထမ်းတွေက တရားမဝင် သစ်ခိုးထုတ်တာတွေ စစ်ဆေးတွေ့ရှိရင်လည်း ဥပဒေအရ အရေးယူမှု မပြုဘဲ ငွေနဲ့ပဲ ညှိနှိုင်းဆောင်ရွက်ကြပါတယ်။

နိုင်ငံတော် စီမံကိန်းအရ ဆည်လာဆောက်နေတဲ့ ဆည်မြောင်းဦးစီးဌာန ဝန်ထမ်းတွေကလည်း သူတို့လက်ထဲ ပစ္စည်း ကိရိယာတွေ အသင့်ရှိနေတာက လာဘ်ပေး၊လာဘ်ယူ လုပ်နိုင်ဖို့ ပိုမိုလွယ်ကူနေစေသလိုပါပဲ။

အဲဒီကိရိယာတွေနဲ့ သစ်ခိုးထုတ်တာတွေ၊ သစ်တောမြေတွေကို ချဲ့ထွင်တာတွေကို ငွေရှိသူ၊ အာဏာရှိသူတွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေကြတာပါ။

လယ်ယာမြေဖော်ဆောင်တယ်ဆိုပြီး သစ်ပင်တွေကို မတန်တဆခုတ်နေကြတာပါ။

အဲဒီလို ဥပဒေမဲ့ လုပ်ရပ်တွေကို ဌာနဆိုင်ရာက ဝန်ထမ်းတွေ၊ တပ်မတော် စစ်သည် အရာရှိတွေနဲ့ ငွေရှင်တွေက သူတို့ရဲ့နောက်လိုက်တွေနဲ့ အတူ လုပ်ဆောင်နေတာပါ။

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခွင့်ကိုလည်း ခွင့်ပြုထားပြီး သစ်နဲ့ သဘာ၀ သယံဇာတတွေကို အကြီးအကျယ် ခိုးထုတ်နေတာပါ။

COVID -19 ကပ်ရောဂါ ဖြစ်ပွားနေတာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကို အခွင့်ကောင်းယူပြီး ဒေသခံတွေရဲ့ မသိနားမလည်မှုကို အသုံးချ ကိုယ်ကျိုးစီးပွားအတွက် ခေါင်းပုံဖြတ်နေကြတာပါ။

သူတို့တွေက ငွေကြေးနဲ့ အာဏာသုံးပြီး ပြည်သူတွေအပေါ် အနိုင်အထက်ပြုမှုတွေလည်း များပြားလာပါတယ်။ အကျင့်ပျက် ခြစား ဝန်ထမ်းတွေကို အမြန်ဆုံး အရေးယူ ပြစ်ဒဏ် ပေးသင့်တယ်လို့ ကျွန်တော့အနေနဲ့ ထင်မြင်ယူဆမိပါတယ်။

ပြည်သူတစ်ဦး

#MizzimaTV

#အယ်ဒီတာထံပေးစာ

#အကျင့်ပျက်ခြစား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required