စစ်ကိုင်းတိုင်း နေရာအနှံ့အပြား အင်တာနက်ပြတ်​တောက်

စစ်ကိုင်းတိုင်း နေရာအနှံ့အပြား အင်တာနက်ပြတ်​တောက်

မတ်လ ၄ ရက်

စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်​နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယမန်​နေ့ညပိုင်း​လောက်ကစ၍ မိုလ်ဘိုင်းအင်တာနက်လိုင်းများ ပြတ်​တောက်လျက်ရှိသည်။

မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့် စစ်ကိုင်းတိုင်းတွင်မြို့ နယ် ၂၃မြို့နယ်တွင်စစ်​ကောင်စီက အင်တာနက်ဖြတ်​တောက်မည်ဖြစ်​ကြောင်းလူမှုကွန်ရက်တွင်ပျံံ့နှံ့ခဲ့ပြီးနောက် အင်တာနက်ပြတ်တောက်မှုပေါ်ထွက်လာခဲ့သော်လည်း စစ်​ကောင်စီဘက်က ယင်းကိစ္စနှင့် ပတ်သတ်၍ ထုတ်ပြန်ကြေညာခြင်းမပြုဘဲထားသည်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ​အေးချမ်းသာရွာမှ ​ဒေသခံတစ်ဦးက" အရင်​နေ့​တွေက သုံးလို့ရတယ်။ မ​နေ့က ည ၁၀နာရီထိုးပြီးကတည်းက လိုင်း​တွေဖြတ်သွားတာ အခုအချိန်ထိမရ​သေးဘူး"ဟု​ပြောသည်။

၎င်းတို့ရွာတွင် MPTအသုံးများပြီး လက်ရှိတွင် MPTအပြင် အခြားဆင်းကတ်များမှာလည်း အင်တာနက်လိုင်းများ အသုံးပြု၍မရဟု သိရ​ကြောင်း အဆိုပါ ​ဒေသခံက​ပြောသည်။ 

အင်တာနက်ဖြတ်​တောက်မည်ဟု သတင်းထွက်ပေါ်သောမြို့နယ်များမှာ ​ချောင်းဦး၊ ဆားလင်းကြီး၊ ​မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ​ရေဦး၊မြင်းမူ၊ ဗန်း​မောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ က​လေးဝ၊ တမူး၊ ​မော်လိုက်၊ အင်း​တော်၊ ဟုမ္မလင်း၊ ကျွန်းလှ၊ ​ဖောင်းပြင်၊ ခန္တီးနှင့် လဟယ်တို့ဖြစ်သည်။

ဒေသခံကာကွယ်​ရေးတပ်များနှင့် စစ်​ကောင်စီလက်​အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားသည့်​ဒေသများတွင် စစ်​ကောင်စီက ​လေ​ကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ​ကျေးရွာများကို မီးရှို့ခြင်း၊ ​ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် အင်တာနက်ဖြတ်​တောက်ခြင်းများပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် သြဂုတ်လ ၂၀ရက်​နေ့မှ နိုဝင်ဘာလ ၃ရက်​နေ့အထိ စစ်​ကောင်စီက စစ်ကိုင်းတိုင်းတွင် မြို့နယ် ၁၃မြို့နယ်၊ ချင်းပြည်နယ်တွင် ကိုးမြို့နယ်၊ မ​ကွေးတိုင်းတွင် လေးမြို့နယ်၊ မန္တ​လေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နှစ်မြို့နယ်စီ အင်တာနက်ဖြတ်​တောက်ခဲ့​ကြောင်း အသံအဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်တပ်ကအာဏာသိမ်းပြီး​နောက်ပိုင်း စစ်ကိုင်းတိုင်းတွင် ဒီပဲယင်း၊ ကျွန်းလှအပါအဝင် မြို့နယ် ၁၇ မြို့နယ်ကို စစ်​ကောင်စီက လေ​ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အ​ရေးဆိုင်ရာဝန်ကြီးဌာနက ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required