ဒဂုံမြို့သစ်မြောက်ပိုင်း  (၄၆) ရပ်ကွက်တွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ အနုကြမ်းစီး၍ပစ္စည်းများ ယူဆောင်သွား

ဒဂုံမြို့သစ်မြောက်ပိုင်း  (၄၆) ရပ်ကွက်တွင် ဧည့်စာရင်းစစ်မည်ဟုဆိုကာ အနုကြမ်းစီး၍ပစ္စည်းများ ယူဆောင်သွား

မတ် ၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၄၆) ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ မတ်လ ၃ရက် ည ၁၂နာရီ၌ ဧည့်စာရင်းစစ်မည်ဟုဆိုကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံထံကသိရသည်။

''မနေ့ညဖြစ်သွားတာ။ ဧည့်စာရင်းစစ်မယ်ဆိုတော့ တံခါးဖွင့်ပေးလိုက်တယ်။အဲဒီမှာလူ ခုနစ်ယောက်ဝင်လာပြီး အနုကြမ်းစီးတဲ့ သဘောဖြစ်သွားတယ်။ ပစ္စည်းတွေ အားလုံးယူသွားကြတယ်''ဟု (၄၆ )လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မြောက်ဒဂုံမြို့နယ်တွင် လုယက်မှုများ ပိုဖြစ်ပွါးလာနေကြောင်း၊ ဆိုင်ကယ်စီးသမားများကလည်း ထိုလမ်းဆုံတွင် မကြာခဏ လုယက်မှုများ ပြုလုပ်နေကြကြောင်း အဆိုပါ လမ်းဆုံအနီး တက္ကစီအငှါးကားမောင်းသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

''အခုက အသွင်ယူ လုယက်မှုတွေ ဖြစ်နေတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်လာတယ်။ အကယ်၍ တံခါးမဖွင့်ပေးရင်လည်း စစ်တဲ့သူတွေက တကယ့်ရဲတွေ ၊ စစ်သားတွေ ဖြစ်မယ်ဆိုရင် နေရင်း၊ ထိုင်းရင်း အရိုက်ခံရမယ်။ အဖမ်းခံရမယ်။ကံဆိုးရင်သေနတ်နဲ့ အပစ်ခံရမယ်။ အခုလိုတံခါး ဖွင့်ပေးလိုက်တဲ့ အခါကျတော့လည်း အနုကြမ်းစီးပြီး ဓါးပြတိုက်သွားကြတယ် ''ဟု (၄၆)လမ်းဆုံ အနီး နေထိုင်သူက  ပြောသည်။

ရန်ကုန်တိုင်းအတွင်း နေ့စဉ်လုယက်မှုနှင့် ဖောက်ထွင်းမှုများ ဖြစ်ပေါ်နေကြောင်း၊ နေ့လယ်ခင်းအချိန်၌ပင် ဆိုင်ကယ်စီးကာ အုပ်စုဖွဲ့ လုယက်မှုများဖြစ်ပွါးနေကြောင်း လုယက်မှုဖြစ်ပွါးရာအနီး နေထိုင်သူများထံမှ သိရသည်။

“တစ်နေ့ကဆို ကျွန်တော်တို့ (၄၆)လမ်းဆုံမှာ ထိုင်နေကြတာ။ ကောင်မလေးတစ်ယောက် အကြော်ဝယ်ပြီး ပြန်ထွက်သွားတယ်။ အဲဒီမှာဆိုင်ကယ်တစ်စီးက ကပ်ပြီး ကောင်မလေးလည်ပင်းက ဆွဲကြိုးကိုဖြတ်ပြီး မောင်းသွားတာ။ဆွဲကြိုးတော့ ပါမသွားဘူး။ နေ့ဘက် ၁၁နာရီအချိန်ကြီးဆိုတော့ ဘယ်သူမှ မထင်ဘူးလေ''ဟု ၄၆ လမ်းဆုံမှ တက္ကစီကားဆရာတစ်ဦးက ပြောသည်။

#MizzimaTV
#အနုကြမ်းစီး
#ဒဂုံမြို့သစ်မြောက်ပိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required