တရုတ်နိုင်ငံသားများကို ယူကရိန်းမှ စတင်ကယ်ထုတ်နေ

တရုတ်နိုင်ငံသားများကို ယူကရိန်းမှ စတင်ကယ်ထုတ်နေ

ရုရှားကျူးကျော်မှုကို ရှုတ်ချရန် တရုတ်အစိုးရ၏ငြင်းဆန်မှုအပေါ် အမျက်ဒေါသများထွက်နေကြကာ လုံခြုံရေးအတွက် စိုးရိမ်လာရသောကြောင့် တရုတ်သည် ၎င်းနိုင်ငံသားများကို ယူကရိန်းမှ စတင် ကယ်ထုတ်နေပြီဖြစ်ကြောင်း အစိုးရပိုင်မီဒီယာ CCTV က မတ်လ ၁ ရက်တွင် ပြောသည်။

အရှေ့ပိုင်းယူကရိန်းမှအနောက်ဘက်ရှိ လာဗီးမြို့သို့ ကုန်းလမ်းမှသွားစဉ် ၁ ဦးကျည်ဆန်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း CCTV သတင်းအရသိရသည်။

တရုတ်ကျောင်းသား ၆၀၀ ခန့်သည် မြို့တော် ကိယက်ဗ်နှင့် တောင်ပိုင်းဆိပ်ကမ်းမြို အိုဒက်ဆာတို့မှ ဖေဖော်ဝါရီ ၂၈ ရက်မှ ထွက်ခွါခဲ့ကြကြောင်း ယူကရိန်းရှိ တရုတ်မစ်ရှင်ဝန်ထမ်းများကို ကိုးကားပြီး Global Times သတင်းစာက ဖော်ပြသည်။

၎င်းတို့သည် သံရုံးအစောင့်အကြပ်နှင့် ဒေသခံရဲများ၏ အကာအကွယ်ဖြင့် အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံသို့ ဘတ်စ်ကားဖြင့် ထွက်ခွာလာခဲ့ပြီး ၆ နာရီကြာ ခရီးစဉ်သည် လုံခြုံချောမွေ့သည်ဟု ဘေးလွတ်ရာသို့ ပြေးလာသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသား ၇၀၀-၈၀၀ ခန့်ကို ကုန်းလမ်းမှ တစ်ဆင့် မော်လ်ဒိုဗာနိုင်ငံသို့ ကယ်ထုတ်နိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ရိုမေနီးယားသို့သွားကာ တရုတ်နိုင်ငံသို့ စင်းလုံးငှားလေယာဉ်ဖြင့် သွားနိုင်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံက ၎င်း၏ ရင်းနှီးသော မဟာမိတ် ရုရှားအား မေတ္တာရပ်ခံရန် ဆန္ဒမရှိဘဲ နိုင်ငံ့အချုပ်အခြာ အာဏာအပေါ် အလေးထားရန် ထပ်တလဲလဲပြောကာ ဟန်ချက်ညီအောင်ထိန်းကျောင်းရင်း ယူကရိန်း ပဋိပက္ခတွင် သတိကြီးစွာ လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံသား ၆၀၀၀ ခန့်သည် ယူကရိန်းတွင် အလုပ်လုပ်ရန် သို့မဟုတ် ပညာသင်ကြားရန် ရောက်ရှ ိနေခဲ့ကြောင်း တရုတ်အစိုးရက ပြောသည်။

မြို့တော်ကိယက်ဗ်ရှိ တရုတ်သံရုံးက ၎င်းတို့၏ မော်တော်ယာဉ်များတွင် တရုတ်အလံတပ်ပြီးထွက်ခွာရန် ကနဦးတွင် တိုက်တွန်းခဲ့သော်လည်း တရုတ်နိုင်ငံသားများအပေါ် ရန်လိုမှု မြင့်တက်လာကြောင်း လူမှုမီဒီယာများတွင် သတင်းများတက်လာပြီးနောက် အစီအစဉ်ပြောင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly