ဩစတြေးလျနှင့်ဂျပန်က ယူကရိန်းကို ကျူးကျော်သည့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုချမှတ်ကာ ထောက်ခံသည့် တရုတ်ကို ပြစ်တင်ရှုတ်ချ

ဩစတြေးလျနှင့်ဂျပန်က ယူကရိန်းကို ကျူးကျော်သည့် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုချမှတ်ကာ ထောက်ခံသည့် တရုတ်ကို ပြစ်တင်ရှုတ်ချ

သြစတြေးလျနှင့် ဂျပန်တို့သည် ဖေဖော်ဝါရီ ၂၅ ရက်က ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်လာချိန်တွင် တရုတ်နိုင်ငံက ရုရှားနှင့်ကုန်သွယ်မှု ကန့်သတ်ချက်များ ဖြေလျှော့လိုက်ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း ဩစတြေးလျက ပြစ်တင်ရှုတ်ချလိုက်သည်။

“ပိတ်ဆို့အရေးယူမှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရုရှားအပေါ် ဖိအားတွေ အရှိန်မြှင့်ဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာပါ” ဟု သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က မီဒီယာကွန်ဖရင့်တစ်ခုတွင် ပြောကြားခဲ့သည်။

မော်စကိုအတွက် ဗျူဟာမြောက် အရေးပါသော စီးပွားရေးအရှိန်အဝါရှိသည့် အစိုးရအဖွဲ့နှင့် ယူကရိန်းသို့ ရုရှားတပ်များ စေလွှတ်ခြင်းအား မဲပေးခွင့်ပြုခဲ့ကြသည့် ရုရှားပါလီမန်အဖွဲ့ဝင် ၃၀၀ ကျော်တို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း မော်ရစ်ဆင်က ပြောသည်။

မော်ရစ်ဆင်က တရုတ်နိုင်ငံထံမှပြင်းထန်သော တုံ့ပြန်မှုကင်းမဲ့ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ရုရှားမှ ဂျုံတင်သွင်းမှုကို ခွင့်ပြုခြင်းဖြင့် မော်စကိုနှင့် ကုန်သွယ်မှုကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့မှုအပေါ် တရုတ်အစိုးရအား ဝေဖန်ပြစ်တင်ခဲ့သည်။

“ရုရှားက တခြားနိုင်ငံကို ကျူးကျော်နေတဲ့ ကာလမှာရုရှားကို အသက်ကယ်ကြိုး သွားပစ်ပေးလို့မရပါဘူး။ ဒါဟာ လက်ခံနိုင်စရာမရှိပါဘူး” ဟု မော်ရစ်ဆင်က ဆိုသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါကလည်း ၎င်းတို့အစိုးရအနေဖြင့် ရုရှားကို အရေးယူပိတ်ဆို့ရာတွင် ဘဏ္ဍာရေး အဖွဲ့အစည်းများနှင့် စက်ကိရိယာများ တင်ပို့ရောင်းချမှုတို့ကိုပါ ထည့်သွင်းသွားမည်ဟု ပြောသည်။

ဂျပန်က ရုရှားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ခြင်းချမှတ်မည့် အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကဲ့သို့သော စစ်ဘက်သုံးကုန်ပစ္စည်းများ တင်ပို့မှုကိုလည်း ရပ်တန့်မည်ဖြစ်ကြောင်း ကီရှီဒါက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စက်မှုထိပ်သီး ၇နိုင်ငံ (G7) အုပ်စု အခြားအဖွဲ့ဝင်များနှင့်အတူ ရုရှားကိုဆန့်ကျင်သည့် ညှိနှိုင်း ဆောင်ရွက်မှုသည် အာရှနှင့် အခြားဒေသများရှိ ရန်လိုမှုမှန်သမျှကို ဟန့်တားနိုင်မည်ဖြစ်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly