ရုရှား၏ လုပ်ရပ်က ထိုင်ဝမ်ကို တရုတ်က သိမ်းပိုက်နိုင်ခြေ ပိုမိုမြင့်မား လာစေကြောင်း သုတေသနအစီရင်ခံစာတွင် ဖော်ပြ

By ANI 28
04 March 2022
ရုရှား၏ လုပ်ရပ်က ထိုင်ဝမ်ကို တရုတ်က သိမ်းပိုက်နိုင်ခြေ ပိုမိုမြင့်မား လာစေကြောင်း သုတေသနအစီရင်ခံစာတွင် ဖော်ပြ

ယူကရိန်းတွင် ရုရှားစစ်တပ်၏ စစ်ဆင်ရေးကြောင့် ထိုင်ဝမ်ကိစ္စကို ကမ္ဘာကြီးက အလေးထားလာကြသည်။ ထိုင်ဝမ်သည် ကျိုးပေါက်လွယ်သော ရှေ့တန်းခံစစ်လိုင်းတွင် တည်ရှိနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်း၏ အချုပ်အခြာအာဏာကို သည်းမခံနိုင်သကဲ့သို့ တရုတ်ကွန်မြူနစ် ပါတီသည် တရုတ်၏ အဓိက အစိတ်အပိုင်းဖြစ်သည်ဟူ ယူဆထားသော ထိုင်ဝမ်၏ သီးခြားခွဲထွက်မှုကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။

ရုရှား၏လုပ်ရပ်သည် "ထိုင်ဝမ်အား တရုတ်တို့ ထိန်းချုပ်သိမ်းယူမည်ဟူသော ကြောက်စရာကောင်းသော ဖြစ်နိုင်ခြေကို ပိုမိုမှန်ကန်စေသည်" ဟု ပညာရှင်အဖွဲ့ဖြစ်သော မူဝါဒသုသေတနအဖွဲ့(POREG) က ဖော်ပြခဲ့ ကြောင်း The Atlantic တွင် ဖော်ပြချက်အရ အမေရိကန်မီဒီယာများက ကြိုတင်တွေးဆနေကြပြီဖြစ် သည်။

“ထိုင်ဝမ်ကို ထိန်းချုပ်ရန် ဒါမှမဟုတ် ပါတီအနေနဲ့ ပြန်လည်ပေါင်းစည်းရေး လို့ ခေါ်တဲ့ ကိစ္စက တရုတ် နိုင်ငံခြားရေး မူဝါဒရဲ့ အဓိက ပန်းတိုင်တစ်ခုပါ။ ကမ္ဘာအစီအစဉ်မှာ အာဏာရှင်နိုင်ငံတွေက ပိုမိုရန်လိုပြီး ဒီမိုကရေစီမဟာမိတ်တွေ နောက်ပြန်ဆုတ်နေတဲ့ခေတ်မှာ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး စစ်ဖြစ်နိုင်ချိန်တွေက ပိုများလာနေပါတယ်” ဟု The Atlantic ဆောင်းပါးတွင် ဖော်ပြထားသည်။

ရှီသည် ထိုင်ဝမ်ကို နှောင့်ယှက်ရန် ဂျက်လေယာဉ်များ စေလွှတ်ခြင်းဖြင့် ထိုင်ပေရှိ အစိုးရကို ခြိမ်းခြောက်ခဲ့ပြီး ဟောင်ကောင်တွင် ဒီမိုကရေစီ လှုပ်ရှားမှုကို တရုတ်က လုံးလုံးလျားလျား နှိပ်ကွပ်လိုက်ခြင်းကြောင့် ထိုင်ဝမ် သည် ယင်း၏ လက်ရှိ လွတ်လပ်မှု ပုံသဏ္ဍာန်ကို ဆက်လက် ထိန်းသိမ်းထားမည့် မျှော်လင့်ချက်ကို ပျက်ပြား စေပြီး ကွန်မြူနစ်ပါတီဦးဆောင်သည့် တရုတ်နှင့် ပြန်ပေါင်းရမည်ကဲ့သို့ဖြစ်နေသည်။

ထိုင်ဝမ်သို့ တရုတ်၏ စစ်ချီတက်မှုဟုခေါ်သည့် ရက်ကို အတိအကျပြောရန် အချိန်မတန်သေးပေ။

သိသာထင်ရှားသည့်အချက်မှာ ရှီသည် ထိုင်ဝမ်နှင့် တရုတ်အကြား ပိုင်းခြားထားသော ရေလက်ကြားတွင် ကျူးကျော်တပ်ဖွဲ့ကို စုစည်းထားခြင်း မရှိသေးကြောင်း POREG က ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် မလွှဲမရှောင်သာဘဲ တရုတ်နိုင်ငံပိုင် ဖြစ်ရမည်ဟုသော ယုံကြည်စိတ်ကြောင့် ရှီအနေဖြင့် စိတ်ရှည်ရှည်နှင့် အချိန်ကောင်းကို စောင့်နေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly