အမေရိကန်လေပိုင်နက်ထဲ ရုရှလေယာဉ် ပျံသန်းခွင့် ပိတ်ပင်မည်ဟု ဘိုင်ဒင် ပြော

အမေရိကန်လေပိုင်နက်ထဲ ရုရှလေယာဉ် ပျံသန်းခွင့် ပိတ်ပင်မည်ဟု ဘိုင်ဒင် ပြော

မတ် ၂

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှလေယာဉ်အားလုံး အမေရိကန်လေပိုင်နက်ထဲ ပျံသန်းခွင့် ပိတ်ပင်ကြောင်း အမေရိကန်အစိုးရက မတ်လ ၁ ရက်တွင် ကြေညာသည်။ ယင်း မတိုင်မီက ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့ကလည်း ရုရှကို အလားတူ ပိတ်ပင်ချက်မျိုး ချမှတ်ထားခဲ့သည်။

“ရုရှ လေယာဉ်တွေအားလုံးကို အမေရိကန်လေပိုင်နက်ထဲ ပျံသန်းခွင့် ပိတ်ပင်ရင်းနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့အတူ ကျွန်တော်တို့လည်း လက်တွဲပူးပေါင်းလုပ်ဆောင်မယ် ဆိုတာကို ကျွန်တော် ကြေညာပါတယ်။ ဒီပိတ်ပင်ချက်ကြောင့် ရုရှကို ထပ်မံအထီးကျန်စေမှာ ဖြစ်သလို သူတို့ရဲ့ စီးပွားရေးအပေါ်မှာလည်း နောက်ထပ် အကျပ်အတည်းတွေ ဖြစ်စေဖို့ ရှိပါတယ်” ဟု ဘိုင်ဒင်က နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောခဲ့သည်။

အမေရိကန် ပို့ဆောင်ရေးဌာန ဖက်ဒရယ် လေကြောင်း စီမံအုပ်ချုပ်မှုဆိုင်ရာ အမိန့်ညွှန်ကြားချက်များသည် မတ်လ ၂ ရက်တွင် အသက်ဝင်လာမည် ဖြစ်ပြီး ရုရှနိုင်ငံသားတစ်ဦး ပိုင်ဆိုင်၊ ထိန်းချုပ်၊ ထောက်ခံချက်ပေး၊ စီမံခန့်ခွဲ၊ မှတ်ပုံတင်၊ အငှားချထားသော လေယာဉ် အားလုံးနှင့် ရုရှနိုင်ငံသားတစ်ဦးအတွက် အကျိုးဖြစ်စေမည့် လေယာဉ်အားလုံး အမေရိကန် လေပိုင်နက်ထဲ ပျံသန်းမှုကို ရပ်ဆိုင်းစေမည် ဖြစ်သည်။

ယင်းတွင် ခရီးသည်တင်နှင့် ကုန်တင် လေယာဉ်များ အပြင် ကုမ္ပဏီတစ်ခုက စီစဉ်သော ပုံမှန်လေကြောင်းခရီးစဉ်များ၊ စင်းလုံးငှားလေယာဉ်များ ပါဝင်မည် ဖြစ်သည့်အတွက် ရုရှ လေကြောင်းလိုင်းအားလုံးနှင့် အခြားသော အရပ်ဘက်လေယာဉ်အားလုံးအတွက် အမေရိကန် လေပိုင်နက်ကို လုံးလုံးလျားလျား ပိတ်လိုက်ခြင်း ဖြစ်ကြောင်း ပို့ဆောင်ရေးဌာနက ပြောသည်။

မတ်လ ၁ ရက်နှောင်းပိုင်းတွင် United Airlines လေကြောင်းလိုင်းက ယင်းအနေဖြင့် ရုရှ လေပိုင်နက်ပေါ် ပျံသန်းမှုကို ယာယီ ရပ်ဆိုင်းကြောင်း ပြောခဲ့ရာ ယင်းသည် ပြီးခဲ့သည့်အပတ်က ယူကရိန်းနိုင်ငံကို ရုရှတပ်များ ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း အလားတူအတိုင်း ပျံသန်းမှု ရပ်ဆိုင်းထားခဲ့သော အခြားသော အမေရိကန်လေကြောင်းလိုင်းများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ခြင်း ဖြစ်သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required