ရန်ကုန်တွင် လျှပ်စစ်မီး ဆက်တိုက်ပြတ်နေပြီး  တစ်ကြိမ် ပြတ်တောက်ချိန် ၅ နာရီကျော် ကြာလာ 

ရန်ကုန်တွင် လျှပ်စစ်မီး ဆက်တိုက်ပြတ်နေပြီး  တစ်ကြိမ် ပြတ်တောက်ချိန် ၅ နာရီကျော် ကြာလာ 
ဓာတ်ပုံ - YESC

မတ်လ ၁ ရက်

ရန်ကုန်မြို့  မြို့နယ်များတွင် လျှပ်စစ်မီးများ ဆက်တိုက် ပြတ်နေပြီး စစ်ကောင်စီကလည်း မီတာခများ အတင်းအကျပ် ကောက်ခံလျက် ရှိသည်။

လျှပ်စစ်မီး တစ်ကြိမ် ပြတ်လျှင် ငါးနာရီကျော် အထိ ပြတ်တောက်ချိန် ကြာလာပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး လျှပ်စစ်မီး ပြတ်တောက်မှု စိပ်လာခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ တစ်ရက်လျှင် နှစ်ကြိမ် ပြတ်ပြီး တစ်ကြိမ်ပြတ်လျှင် ငါးနာရီကျော် ကြာလာခြင်း ဖြစ်သည်။

"မီးပြတ်တာ လွန်လွန်းနေပြီ။ မီတာ မဆောင်တော့လည်း မဆောင်လို့ အတင်းအကျပ် သူတောင်းစား လိုပဲ လိုက်တောင်းနေတယ်။ ဓားပြလို့ ပြောရင် ပိုမှန်မယ်။ သေနတ်ထောက် တောင်းနေတာ။ ဆောင်ပြန်တော့လည်း မီးက မလာ၊ တစ်ခါပြတ်ရင် ငါးနာရီကျော် ကြာတယ်။ ကျွန်တော်တို့ လျှပ်စစ်မီးနဲ့ လုပ်စားနေရတဲ့ သူတွေ အကုန် အလုပ်တွေ ရပ်ထားရတယ်။ မီးစက်နဲ့ ကျတော့ ဆီဖိုးက ခေါင်ခိုက်နေတယ်။ ဘာလုပ်စားရမှာလဲ။ စစ်ကောင်စီတပ်တွေ သေရင်လည်း သေမှပဲ။ တော်လှန်ရေး မြန်မြန်အောင်ပါစေပဲ ဆုတောင်းနေမိတယ် "ဟု ရန်ကုန်မြို့တွင်း နေထိုင်သူ တစ်ဦးက မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့အတွင်း တစ်နိုင်တစ်ပိုင် လုပ်ငန်း လုပ်ကိုင်နေသော လုပ်ငန်းရှင်များသည် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မီးစက်များဖြင့် လုပ်ကိုင် နေသော်လည်း လောင်စာဆီ စျေးမြင့်တက် နေခြင်းကြောင့် နောက်ပိုင်းတွင် လုပ်ငန်းရပ်ထားရန် စီစဥ်ထားကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

" လျှပ်စစ်မီးပြတ်တော့ မီးစက်နဲ့ လည်ပတ်တယ် ။ လောင်စာဆီ စျေးက အခုဆိုရင် တစ်လီတာကို ကျပ် ၁၈၅၀ နဲ့ ဝယ်နေရတော့ ရေရှည် မလွယ်ဘူး။ နောက်ဆုံး လုပ်ငန်း ရပ်ထားရမှာပဲ။ ကိုယ့်ကို မှီနေတဲ့ ဝန်ထမ်းတွေ စားဝတ်နေရေး ဒုက္ခ ရောက်နိုင်တယ်။ သူတို့ အဆင်မပြေလို့ ကိုယ်က အဆင်ပြေလား ဆိုတော့ ကြွေးပါ တတ်နေတယ်" ဟု ၎င်းက ဆိုသည်။

ထို့အပြင် ရန်ကုန်မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားများသည်  CNG ဓာတ်ငွေ့ကို အဓိကထား သုံးစွဲ နေရပြီး ဂတ်စ်ဆိုင်များတွင် ယာဥ်များ နာရီနှင့်ကြာ စောင့်ဆိုင်း နေရသဖြင့် ခရီးသွား ပြည်သူများ အခက်ကြုံလျက် ရှိသည်။

"ဘတ်စ်ကားက တစ်ခါလာဖို့ မှတ်တိုင်မှာ အနည်းလေး မိနစ် ၃၀ ကျော်လောက် စောင့်ရတယ်။ ကားများတဲ့ လိုင်းဆိုရင် ပြဿနာ မရှိပေမယ့် ကားနည်းတဲ့ လိုင်းဆိုရင်တော့ စောင့်ပေတော့ပဲ။ လာပြန်ရင်လည်း ကြပ်သိပ်နေတယ်။ တစ်ခါတလေ ဟိုးအရင် မထသ ခေတ်က တိုးကြိတ် တွယ်စီး နေရတဲ့ပုံကို ပြေးမြင်တယ် "ဟု ရန်ကုန်မြို့ နေထိုင်သူ တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required