နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရှေ့နေအဖွဲ့ ကန့်ကွက်ချက် တရားရုံး ထပ်မံပယ်ချ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ရှေ့နေအဖွဲ့ ကန့်ကွက်ချက် တရားရုံး ထပ်မံပယ်ချ

မတ်လ ၁ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်ထားသည့် တရားလို သက်သေ တင်သွင်းချက်ကို  တရားရုံးက လက်ခံလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူထံက သိရသည်။

စစ်ကောင်စီ လက်အောက်ခံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ တရားလို ဖြစ်သူ ညွှန်မှူး ဦးအောင်ခန့်ကို ဆက်လက် စစ်ဆေးခဲ့ပြီး ယခင် ရုံးချိန်း၌  ၎င်း တင်သွင်းသည့် သက်သေခံကို စွပ်စွဲခံရသူ၏ ရှေ့နေအဖွဲ့က ကန့်ကွက်မှုကို ယနေ့ ရုံးချိန်းတွင် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အတိုင်ပင်ခံ ရှေ့နေအဖွဲ့က ကန့်ကွက်မှုကို တရားရုံးက ပယ်ချကာ တရားလိုသက်သေသွင်းချက်ကို လက်ခံခြင်းမှာ ယခု ဒုတိယအကြိမ် ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း အလားတူ ကန့်ကွက်မှုမျိုးကို တရားရုံးက ပယ်ချခဲ့သေးသည်။

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ကို စွဲဆိုထားသည့် ရဟတ်ယာဥ်နှင့် ပတ်သတ်သည့် အဂတိအမှု ငါးမှုကို စစ်ဆေးခဲ့သည်။

အဆိုပါ အမှုများမှာ NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ရဟတ်ယာဥ် ငှားရမ်းခြင်း၊ အသစ်တစ်စီး ဝယ်ယူ အသုံးပြုခြင်းတို့နှင့် ပတ်သက်ပြီး အဂတိမှုဖြင့် စွပ်စွဲ တရား စွဲဆိုထားခြင်း ဖြစ်သည်။

တရားလိုကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး စစ်ဆေးမှု မပြီးပြတ်သေးသည့် အတွက် နောက်ရုံးချိန်းတွင်လည်း ၎င်းကိုပင် ပြန်လှန်စစ်မေး ပြုလုပ်သွားမည် ဖြစ်သည်။

စစ်တပ်သည် ၎င်းတို့ အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် သမ္မတတို့ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ပုဒ်မများစွာတပ်ကာ မတရား စွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required