အူဒီးနီးစ်နည်းပြဟောင်း ဂွီဒိုလင်ကို ဆွမ်ဆီးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်

အူဒီးနီးစ်နည်းပြဟောင်း ဂွီဒိုလင်ကို ဆွမ်ဆီးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်

ဇန်နဝါရီ ၁၉ ၊ ဝေးလ်။          ။ ဆွမ်ဆီးအသင်းသည် အူဒီးနီးစ်နည်းပြဟောင်း ဂွီဒိုလင်ကို ရာသီကုန်အထိ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ဂွီဒိုလင်သည် အသင်းကို ယာယီကိုင်တွယ်နေသည့် နည်းပြအလန်ကာတစ်နှင့်အတူ တွဲဖက်ပြီး အသင်းကို နည်းပြသွားမည် ဖြစ်သည်။

အသက် ၆၀ အရွယ်ရှိ ဂွီဒိုလင်သည် ပြီးခဲ့သည့် တနင်္လာနေ့ မွန်းလွဲပိုင်းက ဝေးလ်သို့ ရောက်ရှိလာခဲ့ပြီး ဆွမ်ဆီးနှင့် ကာလတိုစာချုပ် ချုပ်ဆိုခဲ့သည်။ ဆွမ်ဆီးအသင်းနှင့် ဝက်ဖို့ဒ်အသင်းတို့ မကစားမီ ဂွီဒိုလင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဆွမ်ဆီးအသင်းက ကြေညာခဲ့သည်။

ယာယီနည်းပြ အလန်ကာတစ်နှင့် အသင်းကို တွဲဖက်ကိုင်တွယ်ရမည် ဖြစ်သော်လည်း အသင်း၏နောက်ဆုံး လူရွေးချယ်မှုများကို ဂွီဒိုလင်ကသာ ပြုလုပ်သွားမည်ဟု ဥက္ကဋ္ဌ ဂျန်ကင်က ပြောသည်။

ဂျန်ကင်သည် ဂွီဒိုလင်ကို နည်းပြအဖြစ် ခန့်အပ်နိုင်သည့်အတွက်လည်း ကျေနပ်လျက်ရှိသည်။ 'ဂွီဒိုလင်လို အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးကို ခန့်အပ်နိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ သူ့ရဲ့ အတွေ့အကြုံတွေက အသင်းကို အထောက်အကူ ဖြစ်စေပါလိ့မ်မယ်' ဟု ဂျန်ကင်က ပြောသည်။

ဆွမ်ဆီးအသင်းသည် ယခုအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၇ နေရာတွင် ရပ်တည်နေသည်။ ဂွီဒိုလင်အနေဖြင့် ဆွမ်ဆီးကို ယခုရာသီတွင် ကယ်တင်နိုင်ခဲ့ပါက စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းခံရဖွယ်ရှိသော်လည်း ထိုသို့ မစွမ်းဆောင်နိုင်ပါက ရာထူးမှ ထုတ်ပယ်ခံရလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly