ချက်ချင်းအပစ်ရပ်ရန်နှင့် ရုရှတပ်များ ရုပ်သိမ်းရန် ယူကရိန်း တောင်းဆို 

ချက်ချင်းအပစ်ရပ်ရန်နှင့် ရုရှတပ်များ ရုပ်သိမ်းရန် ယူကရိန်း တောင်းဆို 

ဖေဖော်ဝါရီလ ၂၈ ရက်

ရုရှ၏ ထိုးစစ် ငါးရက်မြောက်တွင် ရုရှ စေ့စပ်ဆွေးနွေးရေး အဖွဲ့ဝင်များ၌ ဆွေးနွေးရန်အတွက် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ ဘီလာရုစ်နိုင်ငံသို့ ရောက်ရှိလာချိန် ရုရှအနေဖြင့် ချက်ချင်း အပစ်ရပ်ရန်နှင့် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရန် ယူကရိန်းက တနင်္လာနေ့တွင် တောင်းဆိုသည်။ 

ယူကရိန်းမြို့အချို့အတွက် ဆက်လက်တိုက်ပွဲဝင်နေရပြီး ရုရှ ရူဘယ်ငွေကြေး ပြိုဆင်းလျက်ရှိစဉ် ရုရှ၏ ကျူးကျော်စစ် စတင်ချိန်မှ နောက်ပိုင်း ပထမဆုံးအဖြစ် ယူကရိန်း ကိုယ်စားလှယ်များသည် ရုရှ ကိုယ်စားပြုသူများနှင့် ဆွေးနွေးရန် ရှိခြင်းဖြစ်သည်။  

ရုရှ၏ အဓိကမဟာမိတ်ဖြစ်ပြီး ယူကရိန်းကို တိုက်ခိုက်ရန် ရုရှတပ်များကို ဖြတ်သန်းခွင့်ပေးသည့် အိမ်နီးချင်း ဘီလာရုစ် နယ်စပ်၌ ဆွေးနွေးပွဲကို ကျင်းပမည် ဖြစ်သည်။ 

“ရုရှကိုယ်စားပြုသူတွေနဲ့ ဆွေးနွေးပွဲ ကျင်းပဖို့ ယူကရိန်း-ဘီလာရုစ် နယ်စပ်ဆီ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိပါတယ်”ဟု ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ချက်တွင် ဆိုသည်။ 

“ဆွေးနွေးပွဲရဲ့ အဓိက ကိစ္စကတော့ ချက်ချင်း အပစ်ရပ်ရေးနဲ့ ယူကရိန်းကနေ တပ်တွေ ရုပ်သိမ်းရေးပဲ ဖြစ်တယ်”ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

သီးခြား ထုတ်ပြန်ချက်တစ်ရပ်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ရုရှတပ်များအနေဖြင့် ၎င်းတို့၏ လက်နက်ပစ္စည်းကိရိယာများကို စွန့်ပစ်ပြီး ကိုယ့်အသက်ကို ကယ်တင်ရန် တိုက်ပွဲမြေမှ ထွက်ခွာကြဖို့ တိုက်တွန်းထားပြီး ရုရှစစ်သား ၄၅၀၀ ကျော်ထက်မနည်း အသေဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း ဆိုထားသည်။ 

အထူး လုပ်ထုံးလုပ်နည်းဖြင့် ‘ချက်ချင်း’ အဖွဲ့ဝင် ဖြစ်ခွင့်ပေးရေးကိုလည်း ဥရောပသမဂ္ဂထံ ၎င်းက ပြောဆိုတိုက်တွန်းသည်။ 

ရဟတ်ယာဉ်ဖြင့် ယူကရိန်းကိုယ်စားလှယ်များ ရောက်ရှိလာသည်ကို ရုရှနိုင်ငံပိုင်မီဒီယာက ဗီဒီယို ထုတ်လွှင့်သည်။ 

“ကျွန်တော်တို့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်”ဟု ရုရှလွှတ်တော် နိုင်ငံတကာရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး ရုရှ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူ လီယိုနက်ဒ်စလုစကီက Telegram တွင် ရေးသားဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required