ဒေါပုံမြို့နယ်တွင် အငှားယာဉ်မောင်းအား စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး

ဒေါပုံမြို့နယ်တွင် အငှားယာဉ်မောင်းအား စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး

ဖေဖော်ဝါရီလ ၂၇ ရက်

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ သဒါရုံ ကားမှတ်တိုင်တွင် ဂိတ်ထိုးထားသော အငှားယာဉ်မောင်း ကိုအေးမင်းထိုက် အား ဖေဖော်ဝါရီလ ၂၆ ရက် နေ့လယ် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် လာရောက် ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။

"သူကားက ဂိတ်မှာ ထိုးထားတာ၊ သူ့သူငယ်ချင်းတွေနဲ့ ထိုင်ပြီး စကားပြောနေတဲ့ အချိန်မှာ ကားငှားမယ်ဆိုပြီး ပထမ တစ်ယောက်က လာမေးတယ်။ သူက အော်ဒါရှိလို့ မလိုက်ဘူး ပြောတော့ နောက်တစ်ယောက် ထပ်လာငှားတယ်။ မအားဘူး ထပ်ပြောလိုက်တယ် သူက။ ပြီးတော့ ကွမ်းသွားဝယ်တယ်။ ကွမ်းယာဆိုင်ကို နောက်တစ်ယောက် ထပ်လာမေးတယ်။ စုစုပေါင်း သုံးယောက်တိတိ လာမေးတာ၊ မအားဘူး ပြောလိုက်တော့ ကားမအားရင် မင်းလိုက်ခဲ့ဆိုပြီး ရိုက်နှက် ဖမ်းဆီးသွားတာ" ၎င်းနှင့် နီးစပ်သူက ပြောသည်။

ကိုအေးမင်းထိုက်အား စစ်ကောင်စီတပ် အရပ်ဝတ် ခုနစ်ဦးက အိမ်စီးကား အမဲရောင်ဖြင့် လာရောက်ကာ အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

အသက်၂၈ နှစ်ရှိ ကိုအေးမင်းထိုက် သည် တတိယနှစ် Chemistry Major အဝေးသင် ကျောင်းသား ဖြစ်ကာ ကျူရှင် Guide ပြ၍ သော်လည်းကောင်း၊ အငှားယာဉ် မောင်း၍ သော်လည်းကောင်း မိသားစုအား ထောက်ပံ့နေသည့် လူငယ် ဖြစ်ကြောင်း သိရသည်။

ယခင် ဆန္ဒပြစဉ်က တက်ကြွစွာ ပါဝင်ခဲ့ပြီး နောက်ပိုင်း နိုင်ငံရေးနှင့် ဆက်စပ်မှု မရှိသည့် ၎င်းအား မည်သည့်အတွက် ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။

ကိုအေးမင်းထိုက် သည် ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ပြီး စစ်ကောင်စီက အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးသွားသောကြောင့် နောက်ဆက်တွဲ တစ်စုံတစ်ခု ဖြစ်ပါက စစ်ကောင်စီက တာဝန်ယူ ဖြေရှင်းပေးရမည်ဟု ၎င်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့က သာကေတ ရှုခင်းသာ အိမ်ယာရှိ တိုက်ခန်း အချို့ကိုလည်း ဝင်ရောက် စစ်ဆေးခဲ့ပြီး လူငယ်အချို့ကို ဖမ်းဆီးခဲ့ သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required