ယူကရိန်းဂျက်အင်ဂျင်ထုတ်လုပ်ငန်းအား သိမ်းပိုက်လိုသည့် တရုတ်ကုမ္ပဏီဒေဝါလီခံရ

ယူကရိန်းဂျက်အင်ဂျင်ထုတ်လုပ်ငန်းအား သိမ်းပိုက်လိုသည့် တရုတ်ကုမ္ပဏီဒေဝါလီခံရ

ဒုံးကျည်များ၊ ရဟတ်ယာဉ်များနှင့် ဂျက်အင်ဂျင်များ ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီအများအနက်တစ်ခုဖြစ်သော ယူကရိန်းအင်ဂျင်ထုတ်လုပ်ငန်း Motor Sich ကို သိမ်းပိုက်ထိန်းချုပ်ရန် ရည်ရွယ်နေခဲ့သည့် တရုတ်ကုမ္ပဏီ Xinwei Technology Group သည် ဒေဝါလီခံသွားပြီဖြစ်သည်။

ပေကျင်း အမှတ် ၁ ညှိနှိုင်းရေးပြည်သူ့တရားရုံးက Haiwen Law Firm ကို Beijing Xinwei ကုမ္ပဏီဒေဝါလီခံသည့် လုပ်ငန်းစဉ်အား စီမံခန့်ခွဲရန် ဖေဖော်ဝါရီ ၂၂ ရက်က တာဝန်ပေးကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

မြီရှင်များသည် မေလ ၅ ရက်နေ့ နောက်ဆုံးထားပြီး အကြွေးတောင်းဆိုမှုများ ပြုလုပ်နိုင်သည်ဟု Caixin Global သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြသည်။

ယူကရိန်း၌ အမျိုးသားလုံခြုံရေးစိုးရိမ်မှုများကြောင့် အရောင်းအဝယ်သဘောတူညီချက်မှာ ရပ်တန့်သွားသော်လည်း ဒေဝါလီခံရမည့်အရေးမဖြစ်စေရန်Motor Sich လုပ်ငန်းဝယ်ယူရေးကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း Xinwei က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Beijing Xinwei သည် လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ၎င်း၏လုပ်ငန်းခွဲ Beijing Skyrizon Aviation မှတစ်ဆင့် Motor Sich ကို ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ သို့သော် ယူကရိန်းနိုင်ငံ၏ စည်းမျဉ်းကြပ်မတ်ရေးအဖွဲ့က နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် သဘောတူညီချက်ကို ကြန့်ကြာအောင်ပြုလုပ်ထားသည်ဟု Caixin Global က ဖော်ပြသည်။

ယမန်နှစ်က ယူကရိန်းနှင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနတို့သည် Beijing Xinwei နှင့် Beijing Skyrizonကုမ္ပဏီတို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး ဝယ်ယူရန်ကမ်းလှမ်းမှုကို ဟန့်တားခဲ့သည်။

Beijing Xinwei သည် လွန်ခဲ့သည့် ၄ နှစ်အတွင်း တရုတ်ယွမ်ငွေ ၂၆ ဒသမ ၅ ဘီလီယံ အရှုံးပေါ်ခဲ့ကြောင်း Caixin Global က ဖော်ပြပြီးနောက် ၂၀၂၁ ခုနှစ် ဇွန်လတွင် ရှန်ဟိုင်းစတော့အိတ်ချိန်းမှ ထုတ်ပယ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly