ဆယ်သိန်းသာ တန်သည့် အသက်

By အဂမ် (ကချင်မြေ) 
27 February 2022
ဆယ်သိန်းသာ တန်သည့် အသက်

ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်ရဲ့ မြောက်ဖျားပိုင်းက ပူတာအိုခရိုင်ဒေသမှာ စစ်တပ်အာဏာသိမ်းတာ တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းနေ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ကေအိုင်အေဦးဆောင်တဲ့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေး (PDF) တပ်ပေါင်းစုတို့အကြားမှာ တိုက်ပွဲတွေက ပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ တိုက်ပွဲတွေပြန်ဖြစ်တာက ခဏတဖြုတ်မဟုတ်ဘဲ ရက်ဆက်ကြာရှည်တဲ့အနေအထားကို ရောက်လာခဲ့ပါတယ်။ တိုက်ပွဲတွေက ပြန်ဖြစ်ရုံမကဘဲ ပြင်းထန်တဲ့အခြေအနေမှာ ရှိနေပါတယ်။ 

    ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ဦးဆောင်လာတဲ့ ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ပူတာအိုဒေသမှာ အခြေစိုက်ထားပြီး အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဆွမ်ပီယန်တပ်စခန်းကို သွားရောက်တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့တိုက်ပွဲနဲ့အတူ ပူတာအိုဒေသမှာ စစ်မျက်နှာကို ဖွင့်လိုက်ပါတယ်။

ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာပါဝင်တဲ့ ဆွမ်ပီယန်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတာနဲ့ လုံရှန်ယန်တပ်စခန်းတွေကိုလည်း မီးရှီု့ဖျက်ဆီးခဲ့ပါသေးတယ်။ ပူတာအိုဒေသမှာ အာဏာသိမ်းစစ်ကောင်စီက စစ်ရေးနည်းဗျုဟာအရ ထိန်းချုပ်မှုအားနည်းနေတဲ့ အခုလိုစခန်းသိမ်းတိုက်ပွဲတွေကို ကြုံလာရတဲ့အခါမှာတော့ လေကြောင်းကနေ အလွန်အကျွန်ကို စစ်မျက်နှာအကူအညီတွေရယူပြီး တိုက်ခိုက်လာပါတော့တယ်။ လေကြောင်းကနေတိုက်ခိုက်နေပေမယ့်လည်း ဒီကနေ့အချိန်ထိ သူတို့ဆုံးရှုံးလိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသေးပါဘူး။

၂၀၁၇ ခုနှစ်ကတည်းနေ ပူတာအိုဒေသမှာ စစ်ကောင်စီရဲ့ စစ်တိုက်နည်းဗျုဟာကို ကောင်းကောင်းသိလာခဲ့တဲ့ ကေအိုင်အေတပ်ဖွဲ့ဝင်တွေအနေနဲ့ အခုလို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုကို ဦးဆောင်လာရတဲ့အခြေအနေမှာ “စစ်ကောင်စီတပ်တွေရဲ့ ထောက်ပို့အကူအညီကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်း”က စစ်ကောင်စီတပ်တွေကျရှုံးအောင် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ စစ်ကူပေးပို့လာနိုင်တဲ့ လမ်းကြောင်းမှန်သမျှကို တဖြည်းဖြည်းနဲ့ ခြေကုပ်ရယူထားပြီး စစ်မျက်နှာဖွင့်လိုက်တဲ့အခါမှာ ဒီလမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်တလောတိုက်ပွဲစစ်မျက်နှာဖြစ်နေတဲ့ ပူတာအိုခရိုင်ဒေသသို့ စစ်ကောင်စီက မြစ်ကြီးနား - ဆွမ်ပရာဘွမ်း - ပူတာအို ပြည်ထောင်စုလမ်းပိုင်းကနေ စစ်ကူအင်အားမပေးပို့နိုင်ဖို့အတွက် ကေအိုင်အေဦးဆောင်တဲ့ ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဆွမ်ပီယန်တပ်စခန်းကို သွားရောက်တိုက်ခိုက်တာကနေ ကေအိုင်အေတပ်မဟာ (၁) တပ်ရင်းတပ်ဖွဲ့တွေက ခြေကုပ်အရင်ရယူထားနိုင်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။ ဒီလမ်းပိုင်းကနေ ပူတာအိုဒေသကိုရောက်ရှိလာတဲ့ စစ်ကောင်စီပိုင် ထုတ်ကုန်များကိုလည်း အထူးတားဆီးနိုင်ခဲ့သလို၊ မြစ်ကြီးနား - ပူတာအို ပြည်ထောင်စုလမ်းပိုင်းကို ကေအိုင်အေက စိတ်ကြိုက်ထိန်းချုပ်နိုင်ခဲ့တာက ကေအိုင်အေတပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၇) တပ်ဖွဲ့ဝင်တွေဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဆွမ်ပီယန်စစ်ကောင်စီတပ်စခန်း စခန်းသိမ်းအောင်မြင်မှုကို အကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။   

    စစ်ရေးဗျုဟာအရ ခြေကုပ်ရယူမှုအားနည်းခဲ့တဲ့ စစ်ကောင်စီတို့က ပူတာအိုဒေသမှာ သစ်မှောင်ခိုသမားတွေအဖြစ် နာမည်ကြီးတဲ့ လက်နက်ကိုင်အဖွဲ့ကို “ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့” အဖြစ် အခိုင်အမာဖွဲ့စည်းပေးထားကာ ဒီပြည်သူ့စစ်အဖွဲ့အကူအညီနဲ့ပဲ မိမိတို့ရဲ့စစ်အင်အားကို တိုးချဲ့ပြီး ခြေကုပ်ရယူနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။ ဌာနေပြည်သူ့စစ်အဖွဲ့ကို အခိုင်အမာဖွဲ့စည်းပေးထားတဲ့အပြင် စစ်လက်နက်အသုံးအဆောင်တွေကအစ လက်နက်ကြီးပစ်ခတ်နည်းလို စစ်ပညာတွေကိုအစအဆုံး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တိုင်းကို စစ်တပ်ရဲ့အထူးတာဝန်အနေနဲ့ သင်ပေးနေခဲ့ပါတယ်။

အခုလ လဆန်ပိုင်းကတည်းက တိုက်ပွဲတွေဖြစ်လာခဲ့တဲ့ ပူတာအိုဒေသမှာ စစ်ကောင်စီရဲ့စစ်ကြောင်းတိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တိုက်ခိုက်လာစေတဲ့အတွက် ကေအိုင်အိုဗဟို သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီအနေနဲ့ ပူတာအိုဒေသမှာ တိုင်းရင်းသားမျိုးနွယ်စုအချင်းချင်း တိုက်ခိုက်စေတဲ့ စစ်နည်းဗျုဟာတွေကို ကျင့်သုံးလာတယ်လို့ ဆိုထားပါတယ်။

    “အားလုံးသိတဲ့အတိုင်း ဒီဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်လာလို့ရှိရင် ဒေသခံဌာနေပြည်သူ့စစ်တွေကို ရှေ့တန်းထွက်ခိုင်းတာက သူတို့ရဲ့ ဗျုဟာတစ်ခုပါ။ ကချင်မျိုးနွယ်စုအချင်းချင်း တိုက်စေခိုက်စေဆိုတဲ့ နည်းဗျုဟာတစ်ခုဟုတ်တယ်။ နောက်ပြီးတော့ သူတို့က ပြည်သူ့စစ်တွေနဲ့လည်း ရောပြီးတော့ နေနေပုံရတယ်။ ဒီနေရာမှာ ပြည်သူ့စစ်ကြီးပဲ နေနေတာတော့မဟုတ်ပါဘူး” လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

    ပူတာအိုဒေသမှာ တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဌာနေပြည်သူ့စစ်အဖွဲ့တွေကို ထုတ်သုံးလာပါတယ်။ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများဖြစ်တဲ့အတွက် “နယ်မြေဒေသရင်းနှီးကျွမ်းဝင်မှုရှိတယ်။ ပြည်သူ့စစ်တပ်ဖွဲ့မှာ စစ်ပညာသင်ထားတယ်” ဆိုတဲ့အကြောင်းပြချက်နဲ့  စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထွက်ရာမှာ လမ်းပြများအဖြစ်လုပ်ဆောင်ပေးရခြင်း၊ စစ်ကောင်စီတပ်စခန်းများအတွက် စစ်လက်နက် စားနပ်ရိက္ခာထောက်ပို့ရေးများကို အဓိကပြုလုပ်ရတယ်လို့ အမည်မဖော်လိုတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် မိသားစုများက ဆိုကြပါတယ်။

ဒီနေရာမှာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်ကောင်စီတို့က အခွင့်ကောင်းယူကာ ကျန်ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို အသက်သေဆုံးတဲ့လမ်းကို ပို့နေတယ်ဆိုတာကို   Mizzima က စုံစမ်းသိရှိရပါတယ်။ 

    “အဖေက ရဝမ်ပြည်သူ့စစ်မှာဝင်နေတာ ၃ နှစ်ရှိပါပြီ။ ၃ နှစ်ပြည့်ရင် ထွက်လို့ရပြီပြောလို့ အဖေက အခုထွက်ဖို့လုပ်နေတာလေ။ အဲ့ဒါကို အိမ်မှာခဏခဏလာခေါ်တယ်။ အမေကလည်း မသွားခိုင်ဘူး။ အသက်လည်းကြီးပြီ နားတော့ဆိုပြီးပြောတယ်။ ဒါပေမယ့် သူတို့(ပြည်သူ့စစ်အဖွဲ့)က အဖေ့ကို ရုံးမှာပဲနေရမှာဟုတ်တယ်ဆိုပြီး လိမ်ညာပြီးခေါ်သွားတာ ဟုတ်တယ်” လို့ အသက်သေဆုံးခဲ့ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးရဲ့ သားက အခုလိုပြောပြပါတယ်။

လက်ရှိပူတာအိုဒေသမှာ ကေအိုင်အေဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတို့ကြားက တိုက်ပွဲတွေမှာ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကနဦးစုံစမ်းသိရှိခဲ့ရပေမယ့် သေဆုံးခဲ့ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ဘယ်လောက်ရှိတယ်ဆိုတာတော့  Mizzima က စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒီလိုထိခိုက်သေဆုံးမှုများရှိခဲ့တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကတော့ တခြားခံစားခွင့်တွေ မရကြတဲ့အပြင် ပြည်သူ့စစ်အဖွဲ့ကပေးတဲ့ ပိုက်ဆံကိုလည်း ရရှိကြတဲ့မိသားစုတွေရှိသလို၊ မရရှိကြတဲ့ မိသားစုတွေလည်းရှိတယ်လို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေကဆိုကြပါတယ်။ ပြည်သူ့စစ်အဖွဲ့ကပေးတဲ့ ပိုက်ဆံနဲ့ နာရေးဆုတောင်းပြုလုပ်ရတာမျိုးလည်း ရှိတယ်လို့ မိသားစုတွေက ဆိုပါတယ်။

    “ဆုတောင်းပွဲလုပ်ဖို့ကတော့ အကုန်လုံးလုပ်ပေးတယ်။ ကူပေးတယ်။ ဟင်းဝယ်ဖို့ဆိုပြီး ပိုက်ဆံ ဆယ်သိန်းတော့ ပေးတယ်”

အဂမ် (ကချင်မြေ) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required