လပွတ္တာမြို့တွင် ဗုံး၂လုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွါး

လပွတ္တာမြို့တွင် ဗုံး၂လုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွါး

ဖေဖော်ဝါရီလ ၂၆ ရက်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ရှိ ကြံ့ခိုင်ရေးရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ဘုရင့်နောင်ဧည့်ရိပ်သာတို့တွင် ဗုံးပေါက်ကွဲမှု ဆက်တိုက် ဖြစ်ပွါးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဖေဖေါ်ဝါရီလ ၂၆ရက်နေ့ ည၈နာရီ ၁၈မိနစ်အချိန်ခန့်တွင် လပွတ္တာမြို့နယ် ကြံ့ခိုင်ရေးရုံးရှေ့တွင် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် နာရီဝက်ခန့်အကြာတွင်ပင် စစ်ကောင်စီတပ်စွဲထားသည့် ဘုရင့်နောင် ဧည့်ရိပ်သာတွင် ထပ်မံ၍ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ကြံခိုင်ရေးရုံးက အတွင်းထဲ နည်းနည်းကျတော့ ဝင်းထဲမှာပေါက်တာ၊ ဘုရင့်နောင်ဧည့်ရိပ်သာကတော့ ဝင်းဘေးမှာတင် ပေါက်တာ၊ လူထိခိုက်တယ်တော့ မကြားမိဘူး၊ မြို့ထဲမှာတော့ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေ ပတ်ခတ်နေပါတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွါးသည့် ကြံခိုင်ရေးရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် ဘုရင့်နောင် ဧည့်ရိပ်တို့မှာ လမ်းမီးတိုင် ဓာတ်တိုင်ငါးတိုင်စာမျှအကွာအဝေးရှိကြောင်း ၎င်းကပြောပြသည်။

ပေါက်ကွဲမှုတွေနဲ့ ပက်သက်ပြီး တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတစ်ဦးက “ဒါနမူနာပါ၊ဆက်လာဦးမှာပါ၊ ကျွန်တော်တို့ ဧရာဝတီက သွေးမအေးပါဘူး၊ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေကို အပြီးတိုင် နှိမ်နင်းသွားမှာပါ”ဟု ပြောသည်။

အဆိုပါဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့က ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်းကို အတည်ပြုထုတ်ပြန်လာခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required