တရုတ်က ယူကရိန်း၏ စစ်ဘက်ပစ္စည်းနည်းပညာကိုရယူရန် စိတ်ဝင်စားနေ

တရုတ်က ယူကရိန်း၏ စစ်ဘက်ပစ္စည်းနည်းပညာကိုရယူရန် စိတ်ဝင်စားနေ

ယူကရိန်းလေကြောင်းကုမ္ပဏီ Motor Sich ၏ အဓိကရှယ်ယာများကို ဝယ်ယူရန် တရုတ်၏ ကမ်းလှမ်းမှုကို ယူကရိန်းက ပယ်ချခဲ့ပြီး သဘောတူညီချက်နှင့်ပတ်သက်သော တရုတ်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများ အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးကတည်းက တရုတ်အစိုးရသည် ယူကရိန်း စစ်ဘက်ဆိုင်ရာ နည်းပညာကို ရယူရန် လျှို့ဝှက်နည်းဗျူဟာများကို အသုံးပြုနေကြောင်း သိရသည်။

တရုတ်သည်ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီ (ISI) နှင့် ပူးပေါင်းကြံစည်လျက် နည်းပညာခိုးယူမှုများလုပ်ဆောင်နေပြီး ယူကရိန်းမှတင့်ကားများတင်သွင်းနေရခြင်းကို အဆုံးသတ်ရန် စိတ်ဝင်စားဟန်ရှိနေကြောင်း ကျွမ်းကျင်သူအချို့ကယုံကြည်ကြသည်။

တရုတ်၏စုံစမ်းထောက်လှမ်းမှုသည် လျှို့ဝှက်မှုများဖြင့် ပြည့်နှက်နေပြီး ကျွမ်းကျင်သူများပင်လျှင် ၎င်းတို့ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ တစ်ခါတစ်ရံ ဘာမျှမသိရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဗလာရီယို ဖက်ဘရီက ရုရှားနိုင်ငံတကာရေးရာကောင်စီ (RIAC) ဘလော့ဂ်တွင် ရေးသားထားသည်။

တရုတ်အစိုးရသည် ကျွမ်းကျင်သူလျှိုများ ခန့်အပ်ခြင်းကဲ့သို့သော သမားရိုးကျနည်းဖြင့်မဟုတ်ဘဲ ထောက်လှမ်းရေးအချက်အလက်များစုဆောင်းရန် တရုတ်ကျောင်းသားများ၊ နိုင်ငံခြားတွင် ပညာသင်ပြီး အလုပ်လုပ်ကိုင်နေသော ပညာရှင်များ၊ ခရီးသွားများနှင့် ကုမ္ပဏီများကိုပင် အသုံးပြုသော ‘နေရာမျိုးစုံမှ အချက်အလက်များ စုဆောင်းသည့်နည်းလမ်း’ ကို အသုံးပြုသည်။

ဖက်ဘရီ၏ အဆိုအရ တရုတ်ထောက်လှမ်းရေးသည် စစ်ရေး၊ လူမှု-နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများ၌ တရုတ်အစိုးရ၏ ဦးစားပေးကဏ္ဍများအတွက် သတင်းအချက်အလက်ပေးသည့် ကျွမ်းကျင်မဟုတ်သော တရားမဝင်ထောက်လှမ်းရေး ကွန်ရက်ဖြစ်သည့် ကမ္ဘာ့လူမှုရေးစနစ်အပေါ် မှီခိုနေသည်။

ယမန်နှစ်က ယူကရိန်းထောက်လှမ်းရေးဌာန (SBU) သည် အရှေ့ပိုင်းရှိ ခါကိဗ်မြို့၌ အစိုးရအဖွဲ့အစည်း တစ်ခုအတွက် အလုပ်လုပ်ပေးနေသော နိုင်ငံခြားသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုလူသည် စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်များအတွက် ပစ္စည်းဆိုင်ရာသိပ္ပံနယ်ပယ်မှ လျှို့ဝှက်အချက်အလက်များရရှိရန် သူလျှိုလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ဟု စွပ်စွဲခံထားရသည်။

"SBU သည် ၎င်းနိုင်ငံခြားသား၏နိုင်ငံသားကို မည်သည့်အခါမျှ ထုတ်ဖော်မပြောသော်လည်း ရှာဖွေစဉ် အတွင်း ရိုက်ယူထားသော ဓာတ်ပုံများနှင့် SBU မှနောက်ပိုင်းထုတ်ပြန်ချက်များတွင် ရုရှားဘာသာစကားဖြင့် 'တရုတ်-ယူကရိန်းစင်တာ' ဟူသော စကားလုံးပါသော ID ကတ်များတွေ့ရသည်။ ထိုအချက်များကြောင့် အဖမ်းခံရသူသည် ၂၀၀၇ ခုနှစ်ကတည်းက ခါကိဗစ်မြို့တွင် ဖွင့်ထားသော စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာတရုတ်-ယူကရိန်းစင်တာ ဟူသော အစိုးရအဖွဲ့အစည်းအောက်၌ အလုပ်လုပ်သော တရုတ်နိုင်ငံသားဖြစ်ကြောင်း အားလုံးက ယူဆကြသည်ဟု ဖက်ဘရီက ဆိုသည်။

ခါကိဗ်မြို့သည် တင့်ကားအင်ဂျင်များနှင့် အခြားသော စက်ပစ္စည်းများအပါအဝင် ကာကွယ်ရေးနည်းပညာနှင့် ပတ်သက်သည့် ယူကရိန်းလုပ်ငန်းများ အခြေစိုက်ရာမြို့ဖြစ်သောကြောင့် တရုတ်နိုင်ငံအတွက် အရေးပါသော ဆက်စပ် ပတ်သက်မှုရှိသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် ယူကရိန်းထုတ် T-80UD အင်ဂျင်များကို ပါကစ္စတန်သို့ ထောက်ပံ့ပေးပြီး ၎င်းတို့အား ပါကစ္စတန်ထုတ် Al-Khalid-series တင့်ကားများတွင် တစ်ဖန် အသုံးပြုသည်။

ထို့ပြင် တရုတ်-ပါကစ္စတန် VT-1A တင့်ကားများသည် ခါကိဗ်အခြေစိုက်လုပ်ငန်းမှ ထုတ်လုပ်သော 6TD-2 အင်ဂျင်များကိုလည်း အသုံးပြုကြသည်။

ထို့ကြောင့် ယူကရိန်းအနေဖြင့် တရုတ်ယန္တရားများကို ဂရုပြုသင့်ပြီး ၎င်း၏ တန်ပြန်ထောက်လှမ်းရေး ယန္တရားအား အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်း ဖက်ဘရီက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly