ကျင့်ဝတ်ဖောက်ဖျက်ပြီး အန္တရာယ်ရှိသည့် စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်အပေါ် တရုတ်နိုင်ငံအား သြစတြေးလျက ပြစ်တင် ရှုတ်ချ

ကျင့်ဝတ်ဖောက်ဖျက်ပြီး အန္တရာယ်ရှိသည့် စစ်ရေးဆိုင်ရာ ဆောင်ရွက်ချက်အပေါ် တရုတ်နိုင်ငံအား သြစတြေးလျက ပြစ်တင် ရှုတ်ချ

သြစတြေးလျလေတပ်မှ ဂျက်လေယာဉ်အား တရုတ် စစ်သင်္ဘောက လေဆာဖြင့် ထိုးသည့် ကျင့်ဝတ်ဖောက်ဖျက်ပြီး အန္တရာယ်ရှိသည့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်အတွက် တရုတ်နိုင်ငံအား ဖေဖော်ဝါရီလ ၂၀ရက်တွင် သြစတြေးလျက ပြစ်တင်ရှုတ်ချခဲ့သည်။

အဆိုပါ ဖြစ်ရပ်ကို တုံ့ပြန်ရာတွင် သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့က ယင်းအား ဆိုးရွာစွာ အန္တရာဖြစ်စေသည့် ဖြစ်ရပ်ဟု ခေါ်ဆိုခဲ့ပြီး “ယင်းကဲ့သို့သော လုပ်ရပ်များသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည်” ဟု CNN သတင်းတွင် ဖော်ပြထားသည်။

သြစတြေးလျကင်းထောက်နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်လေယာဉ်ဖြစ်သည့် P-8A လေယာဉ်သည် သြစတြေးလျမြောက်ပိုင်းနယ်မြေနှင့် မြောက်ဘက် နယူးဂီနီကျွန်းကြား ရေပြင်ရှိ အာရာဖူရာ ပင်လယ်ပြင် ပေါ်တွင် ပျံသန်းနေစဉ် ဖေဖော်ဝါရီလ ၁၅ရက်က ယင်းကိစ္စ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

သြစတြေးလျဂျက်လေယာဉ်ကို လေဆာဖြင့် ထိုးခဲ့သည့် တရုတ်ရေတပ် သင်္ဘောသည် ထိုအချိန်က အာရာဖူရာပင်လယ်ကိုဖြတ်၍ အရှေ့ဘက်သို့ ခုတ်မောင်းလာ သော PLAN စစ်သင်္ဘော ၂စင်း အနက်မှ ၁ စင်း ဖြစ်ကြောင်း သြစတြေးလျစစ်တပ်၏ ထုတ်ပြန်ချက်ကို CNN သတင်းတွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်နှင့် အတူဖော်ပြခဲ့သည့် တရုတ်သင်္ဘော ၂စင်း၏ သင်္ဘောကိုယ်ထည် နံပါတ်များ အရ ပဲ့ထိန်း ဒုံးကျည် ဖျက်သင်္ဘော Hefei နှင့် ကုန်းရေနှစ်သွယ် သယ်ယူပို့ဆောင်ရေးသင်္ဘော Jinggang Shan တို့ဖြစ်သည်။

ယင်းအဖြစ်အပျက် ဖြစ်ပွားပြီးနောက် တရုတ်သင်္ဘောများသည် တောရက်စ်ရေလက်ကြားကိုဖြတ်၍ Coral ပင်လယ်ထဲသို့ ဖြတ်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သင်္ဘောများက သြစတြေးလျလေယာဉ်များကို ယခင်ကလည်း လေဆာဖြင့် ထိုးခဲ့ဖူးသည်။

လေဆာဖြင့် တိုက်ခိုက်ခံခဲ့ရသော လေယာဉ်မှူးများသည် အမြင်အာရုံဝေဝါးခြင်း၊ နာကျင်ခြင်း၊ မျက်စိပြာခြင်းနှင့် ယာယီမျက်စိကွယ်ခြင်းတို့ဖြစ်တတ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly