လူ့အခွင့်အရေးအဖွဲ့ ဝက်ဘ်ဆိုက် ပြုတ်ကျသွားသဖြင့် ဟောင်ကောင်တွင် အွန်လိုင်းဆင်ဆာဖြတ်မည်ကို စိုးရိမ်နေ

လူ့အခွင့်အရေးအဖွဲ့ ဝက်ဘ်ဆိုက် ပြုတ်ကျသွားသဖြင့် ဟောင်ကောင်တွင် အွန်လိုင်းဆင်ဆာဖြတ်မည်ကို စိုးရိမ်နေ

ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခု၏ ဝဘ်ဆိုက်သည် ဟောင်ကောင်ရှိ အင်တာနက် ကွန်ရက်အချို့မှ တစ်ဆင့် ဝင်ရောက်၍မရတော့သဖြင့် တရုတ်ပိုင်နယ်မြေအတွင်း ပြည်မကြီးပုံစံ အင်တာနက် ဆင်ဆာဖြတ်မည်ကို စိုးရိမ်လျက်ရှိသည်။

ဆင်ဆာဖြတ်တောက်ခြင်းသည် ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေအောက်တွင် လွတ်လပ်စွာ ပြောဆို ခွင့်ကို ကျယ်ကျယ်ပြန့်ပြန့် နှိပ်ကွပ်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်မည်ကို စိုးရိမ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Hong Kong Watch က ပြောကြားခဲ့ပြီး ယင်းဥပဒေသည် ရဲတပ်ဖွဲ့အား အင်တာနက် ဝန်ဆောင်မှုပေးသူများအား အမျိုးသားလုံခြုံရေးကိစ္စများတွင် သတင်းအချက်အလက်များ ဖျက်ပစ်ရန် သို့မဟုတ် အချက်အလက်များထောက်ပံ့ပေးရန်ပြောဆိုနိုင်ခွင့် ရှိသည်။

အာဏာပိုင်များက အဖျက်အမှောင့်၊ ခွဲထွက်ခြင်း၊ နိုင်ငံခြားတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အကြမ်း ဖက်မှုတို့ကို ထောင်ဒဏ်တစ်သက်အထိ အပြစ်ပေးနိုင်သည့် အားလုံးလွှမ်းခြုံသည့် ဟောင်ကောင် လုံခြုံရေး ဥပဒေအား တရုတ်က ၂၀၂၀ပြည့်နှစ်တွင် ပြဌာန်းခဲ့သည်။

အတိုက်အခံများက အဆိုပါဥပဒေသည် ပြင်းထန်လွန်းကြောင်း ရှုတ်ချသော်လည်း ဘဏ္ဍာရေး ဗဟိုချက် ဖြစ်သော ဟောင်ကောင်တွင် ပြန်လည်တည်ငြိမ်းရေးလုပ်ဆောင်ရန် လိုအပ်သောခြေလှမ်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

“တကယ်လို့ ဒါက နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုသာမဟုတ်ဘဲ အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဆိုရင်တော့ ဟောင်ကောင်သားတွေက ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်မှာ မဟုတ်တော့ ဘူး။ ပြီးတော့ ဒါက အင်တာနက်လွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ” ဟု အဖွဲ့၏ အကြီး အကဲ ဘီနင်ဒစ် ရော်ဂျာက ပြောကြားခဲ့သည်။

“ဝက်ဘ်ဆိုက်ကို ရုတ်ချည်းဖယ်ရှားမှုနဲ့အတူ တရုတ်က သူ့ရဲ့အင်တာနက် firewall စနစ်ကို ဟောင်ကောင်မှာ စတင်ကျင်သုံးတော့မှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ ဒါက ဟောင်ကောင်မှာ အနောက်တိုင်းနည်းပညာကုမ္ပဏီတွေ ဆက်လက်တည်ရှိနေမှုအတွက် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်”

“Hong Kong Watch ကို ဘာကြောင့် ပိတ်ဆို့ထားတယ်ဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် တူညီတဲ့အကြောင်းပြချက်ကို အခြားဝက်ဘ်ဆိုက်တော်တော်များများမှာ အသုံးချမယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု သူက ဆိုသည်။

ဗြိတိန်ထံမှ တရုတ်က လွှဲပြောင်းရယူပြီးနောက် နှစ်ပေါင်းများစွာကြာအောင် ဟောင်ကောင်တွင် တက်ကြွသော မီဒီယာအခင်းအကျင်းတစ်ခုရှိခဲ့ပြီး ဟောင်ကောင်သည် မတူညီသော နိုင်ငံရေးအမြင်များရှိသည့် တရုတ်နှင့် နိုင်ငံခြားဘာသာ မီဒီယာများ၏ ဒေသတွင်းဌာနချုပ် ဖြစ်ခဲ့သည်။

သို့သော် လွန်ခဲ့သည့် ၂ နှစ်အတွင်းတွင် မီဒီယာအများအပြားက ပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly