စစ်တွေတက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂနှင့် ဆရာများသမဂ္ဂရုံး ဖယ်ရှားပေးရန် စစ်ကောင်စီ ဖိအားပေး​

စစ်တွေတက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂနှင့် ဆရာများသမဂ္ဂရုံး ဖယ်ရှားပေးရန် စစ်ကောင်စီ ဖိအားပေး​

ဖေဖော်ဝါရီလ ၂၅ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂနှင့် ဆရာများသမဂ္ဂ ရုံးအဖြစ် အသုံးပြုနေသည့် RC(1)နှင့် RC(2) အဆောင်တို့ကို စစ်တွေတက္ကသိုလ်အာဏာပိုင်များက ဖယ်ရှားပေးရန် ကျောင်းသားသမဂ္ဂများကိုအစည်းအဝေးခေါ်ယူပြောဆိုခဲ့သည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၂၅ရက် နေ့လယ် ၁ နာရီတွင် စစ်တွေတက္ကသိုလ် အာဏာပိုင်များက အစည်းအဝေးခေါ်ယူပြီး အဆိုပါရုံးခန်းနှစ်ခုအား  ဖေဖော်ဝါရီလ ၂၇ရက်နေ့ နောက်ဆုံး ထားဖယ်ရှားပေးရန်အတွက် ဖိအားပေးပြောခဲ့သည်ဟုသိရသည်။

"လက်ရှိ ကျောင်းသားသမဂ္ဂနဲ့ ဆရာများသမဂ္ဂရုံးအဖြစ် အသုံးပြုနေတဲ့ RC(1)နဲ့ RC(2)တို့ကို Rest center အဖြစ်အသုံးပြုမှာဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ပြောတယ်။ တကယ်လို့ မဖယ်ပေးပါက တိုင်းမှူးနဲ့ ဖြေရှင်းရမယ်လို့ပြောပါတယ်” ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက ပြောသည်။

စစ်တွေတက္ကသိုလ်အတွင်းမှ ကျောင်းသားသမဂ္ဂနှင့် ဆရာများသမဂ္ဂရုံးနေရာများကို ၂၀၁၇ ခုနှစ်တွင် စစ်တွေတက္ကသိုလ်ပါချုပ်မှ သတ်မှတ်ပေးအပ်ထားခဲ့သည်ဟု သိရသည်။

ရုံးနေရာများကို ဖယ်ရှားခိုင်းသော်လည်း ကျောင်းသားသမဂ္ဂအဖွဲ့ ပျက်စီးသွားမည့်အဖွဲ့အစည်း တစ်ခုမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမည်ဟု ကျောင်းသားသမဂ္ဂ၏ ယာယီဥက္ကဋ္ဌ ဖြစ်သူက မှတ်ချက်ပြုပြောသည်။ 

“အခုလိုရုံးနေရာဖယ်ရှားခိုင်းတာ ကောင်းတဲ့လုပ်ရပ် တစ်ခုမဟုတ်သလို အာဏာရှင်ခေတ်တွင် အာဏာရှင်ပေါက်စများပေါက်ဖွား လာတယ်”ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်ဖြိုးက ဆက်လက်ပြောသည်။

“အခုလိုရုံးဖယ်ရှားခိုင်းတာက ကောင်းတဲ့လုပ်ရပ်တစ်ခုတော့မဟုတ်ဘူး အာဏာရှင်ခေတ်မှာ အာဏာ ရှင်ပေါက်ဖွားလာတယ်။ နောက်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကိုလည်း ဂရုပြုသင့်တယ်။” ဟု၎င်းက ပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂသည် ရခိုင်ပြည် တိုက်ပွဲများကာလတွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဦးဆောင်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ထိုအပြင် စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးကို ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေတို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထားဆဲလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required