အိန္ဒိယနှင့် ယူအေအီးတို့ ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အလုပ်အကိုင် တစ်သန်း ဖန်တီးနိုင်မည်

By New Delhi
24 February 2022
အိန္ဒိယနှင့် ယူအေအီးတို့ ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် အလုပ်အကိုင် တစ်သန်း ဖန်တီးနိုင်မည်

အိန္ဒိယနှင့် အာရပ်စော်ဘွားများနိုင်ငံတို့အကြား ကုန်သွယ်ရေး သဘောတူစာချုပ်ကြောင့် အလုပ်အကိုင် ၁ သန်းထက်မနည်း ဖန်တီးနိုင်မည်ဖြစ်သည်။

နှစ်နိုင်ငံအကြား ပြီးပြည့်စုံသော စီးပွားရေးဆိုင်ရာ မိတ်ဖက်သဘောတူညီချက် (CEPA) ကို ရေးထိုးချိန်တွင် ယူအေအီးသည် အိန္ဒိယ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်နေသလို ယူအေအီးကလည်း ကပ်ရောဂါ မဖြစ်ပွားမီကာလက အိန္ဒိယနှင့် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၆၀ ဘီလျံ ရှည်မှန်းချက်ကို ရရှိအောင် လုပ်ဆောင်လျက်ရှိသည်။

“အပြီးသတ် လုပ်ဆောင်ရမယ်အရာအချို့ရှိနေပြီး ဝန်ကြီးအဖွဲ့ကို တင်ပြသွားပါမယ်” ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပီယွတ်ဂိုရယ်က စီးပွားရေးဝန်ကြီး အဗ္ဗဒူလာဘင်တက်ခ်အယ်လ်မာရီ၊ နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး သာနီဘင်အာမက်အယ်လ်ဇီယူဒီတို့နှင့် ပူးတွဲ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ANI သတင်းဌာနသို့ ပြောကြားခဲ့သည်။

အိန္ဒိယအတွက် သိသာထင်ရှားသည့် အကျိုးအမြတ်နှင့် CEPA သဘောတူညီချက် ပထမအဆင့်အရ အိန္ဒိယနို်ငငံမှ ဆေးများအား အမေရိကန်၊ အီးယူ၊ ဗြိတိန်၊ ဂျပန်ကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခွင့်ပြုချက်ရရှိပြီးပါက ယူအေအီးက အလိုအလျောက်မှတ်ပုံတင်ခွင့်ပြုခြင်းနှင့် ဈေးကွက်အတွင်း ရောင်းချခွင့် ပြုခြင်းတို့ကို သဘောတူညီသွားမည် ဖြစ်သည်။

ဂျီဘယ်အလီ လွတ်လပ်သော ကုန်သွယ်ရေးဇုန်တွင် အိနိ္ဒိယဈေးဖွင့်လှစ်ခြင်းကို နှစ်နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး ယူအေအီးကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရာတွင် လုပ်ငန်းများ လွယ်ကူလျင်မြန်စေရန် သက်ဆိုင်ရာတာဝန်ရှိသူများအား ညွှန်ကြားထားကြောင်း နှစ်နို်ငငံ ပူးတွဲကြေညာချက် တွင် ဖော်ပြထားသည်။

အဘူဒါဘီမြို့တွင် ခေတ်မီနည်းပညာ စက်မှုဇုန် တည်ထောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ စိုက်ပျိုးရေး၊ စိုက်ပျိုးရေးနည်းပညာ၊ သံမဏိနှင့် အလူမီနီယမ်လုပ်ငန်းကဲ့သို့ နယ်ပယ်များ၌ လက်ရှိနှင့် နောင်တွင် ထူထောင်မည့် အထူးစီးပွားရေးဇုန်များ၌ ပြည်တွင်းလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် အိန္ဒိယရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများကို ဖန်တီးပေးရန် နှစ်နိုင်ငံ ခေါင်းဆောင်များက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly