ရန်ကုန်၌ မြန်မာဘီယာ ရောင်းသည့်ဆိုင်များကို မြို့ပြပြောက်ကျားအဖွဲ့ ဖောက်ခွဲသတိပေး

ရန်ကုန်၌ မြန်မာဘီယာ ရောင်းသည့်ဆိုင်များကို မြို့ပြပြောက်ကျားအဖွဲ့ ဖောက်ခွဲသတိပေး

ဖေဖော်ဝါရီလ ၂၄ ရက်

ရန်ကုန်မြို့၌ မြန်မာဘီယာ ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ ဆက်လက် ရောင်းဝယ်ခြင်း မပြုလုပ်ရန် Yangon Urban Guerrillas မြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်သည်။

မြန်မာဘီယာ ရောင်းချနေမှုကို သတိပေးခြင်းအဖြစ် ရန်ကုန်မြို့  မြို့နယ် ကိုးခုရှိ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် ၁၅ ဆိုင်ကို ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖောက်ခွဲမှုများ ပြုလုပ် ခဲ့ကြောင်းလည်း ၎င်းတို့အဖွဲ့က ဆိုထားသည်။

အဆိုပါဆိုင်များမှာ သာကေတမြိုနယ်ရှိ ရွှေစည်းစိမ် အရောင်းဆိုင် ၊  အင်းစိန်မြိုနယ်ရှိ ဒေါ်လာ ဘီယာဆိုင်၊ တာမွေမြိုနယ် ဦးချစ်မောင်လမ်းမပေါ်ရှိ Golden Sea ဘီယာဆိုင်၊ တာမွေမြိုနယ် ဦးချစ်မောင် လမ်းမပေါ်ရှိ Seven စားသောက်ဆိုင်၊ သင်္ဃန်းကျွန်းမြိုနယ် လေးထောင့်ကန် လမ်းမပေါ်ရှိ Golden Place ဘီယာဆိုင်၊ သင်္ဃန်းကျွန်းမြိုနယ် လေးထောင့်ကန် လမ်းမပေါ်ရှိ နေလ စားသောက်ဆိုင်၊ မင်္ဂလာဒုံ မြိုနယ်ရှိ ချမ်းမြေ့အောင် စားသောက်ဆိုင် ၊ မင်္ဂလာဒုံမြိုနယ်ရှိ Hello ဘီယာဆိုင်၊ မင်္ဂလာဒုံမြိုနယ်ရှိ မဟာနွယ် ဘီယာဆိုင်၊ တောင်ဥက္ကလာမြိုနယ်ရှိ မိုးပုလဲ ဘီယာဆိုင်၊ တောင်ဥက္ကလာမြိုနယ် သံသုမာလမ်းနှင့် မြင်သာ (၉) လမ်းထောင့်ရှိ Hi Liquor ဆိုင်၊ ကြည့်မြင်တိုင်မြိုနယ်ရှိ စျေးစိန်နဂါး ဘီယာဆိုင်၊ ဗဟန်းမြိုနယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ Cafe 20 ဆိုင်၊ ဗဟန်းမြိုနယ်ရှိ Gold ဘီယာဆိုင် နှင့် အလုံမြိုနယ် ခရေပင်လမ်းပေါ်ရှိ Padonmar စားသောက်ဆိုင်တို့ ဖြစ်သည်။

ဖောက်ခွဲမှုများကို လူထိခိုက်မှုများ မရှိအောင် ဆိုင်အနီးအနားတွင်သာ ပြုလုပ်ခဲ့ကြောင်းနှင့် မြန်မာဘီယာကို ဆက်လက် ရောင်းချနေပါက အကြမ်းဖက် စစ်တပ်ကို အားပေးအားမြှောက် ပြုသည့် ဖက်ဆစ်ထောက်တိုင်များ အဖြစ် သတ်မှတ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အာဏာရှင်စနစ် ချေမှုန်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေး စစ်တပ် ထောက်တိုင်များနှင့် သွေးစွန်းငွေများကို ဖြတ်တောက်ရမည် ဖြစ်သောကြောင့် စစ်တပ် ထုတ်ကုန်များကို ဝယ်ယူအားပေးခြင်း ဆက်လက် ပြုလုပ်နေပါက လူအခွင့်အရေး ချိုးဖောက်သူများ ဖက်ဆစ် အားပေးသူများအဖြစ် မှတ်ယူမည်ဟုလည်း ၎င်းတို့က ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required