မြန်မာ့စပါးအုံး အောင်လအန်ဆန်က စိန်ခေါ်သူ ဗစ်ဒက်ရှ်ကို ယှဉ်ပြိုင် ထိုးသတ်မည်

မြန်မာ့စပါးအုံး အောင်လအန်ဆန်က စိန်ခေါ်သူ ဗစ်ဒက်ရှ်ကို ယှဉ်ပြိုင် ထိုးသတ်မည်

ဖေဖော်ဝါရီလ ၂၄ ရက်

မြန်မာ့စပါးအုံးဟု တင်စားခေါ်ဝေါ်ခံရသူ အောင်လအန်ဆန်နှင့် စိန်ခေါ်သူ ရုရှားနိုင်ငံသား ဘစ်ဒယ်လီဗစ်ဒက်ရှ်တို့ ဖေဖော်ဝါရီ ၂၅ ရက် (မနက်ဖြန်) တွင် စင်ကာပူနိုင်ငံ၌ ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် ကမ္ဘာ့ချန်ပီယံဆု (မစ်ဒယ်ဝိတ်တန်း) ကို ပိုင်ဆိုင်ခဲ့သူ နှစ်ဦး ဖြစ်ပြီး ယခုပွဲသည် ငါးနှစ်တာ ကာလအတွင်း ပြန်လည်ထိုးသတ်မည့် တတိယအကြိမ်မြောက် ယှဉ်ပြိုင်ပွဲ ဖြစ်သည်။

အောင်လအန်ဆန်နှင့် ဗစ်ဒက်ရှ် သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ပထမအကြိမ် ထိုးသတ်ခဲ့ရာတွင် ဗစ်ဒက်ရှ်က အမှတ်ဖြင့် အနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု (မစ်ဒယ်ဝိတ်တန်း) အား ကာကွယ် နိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ် ဇွန်လတွင် ဒုတိယအကြိမ် ထပ်မံ ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က အမှတ်ဖြင့် ပြန်လည် အနိုင်ရရှိပြီး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

ယခု ယှဉ်ပြိုင်ထိုး သတ်မည့် ပွဲအတွက် အောင်လအန်ဆန်က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် “ ကျွန်တော့်ကို တွန်းပို့လာတဲ့ စိန်ခေါ်မှုတိုင်းကို ကြိုဆိုပြီး ကောင်းမွန်တဲ့ တိုက်ပွဲကို ဆက်တိုက် နေပါတယ်။ ကျွန်တော့်အတွက် ရှိပေးနေတဲ့ မိသားစုနဲ့ ကျွန်တော့် အဖွဲ့သားတွေကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားထားသည်။

ပွဲစဉ်ကို One Championship က စီစဉ်၍ ကမ္ဘာ့ချန်ပီယံ (မစ်ဒယ်ဝိတ်တန်း) ဗိုလ်လုပွဲအတွက် လက်ရှိ ချန်ပီယံဖြစ်သူ နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ကာဂျစ္စတန် နိုင်ငံသား အဘာဆော့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ် သွားမည်ဖြစ်သည်။

ယင်းအပြင် ကစ်ဘောက်ဆာ ကမ္ဘာ့ချန်ပီယံ (လိုက်ဟဲဗီးဝိတ်တန်း) ဗိုလ်လုပွဲအတွက် လက်ရှိ ချန်ပီယံ ဖြစ်သူ ယူကရိန်းနိုင်ငံသား ရိုမန်နှင့် စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား မူရတ်တို့က ယှဉ်ပြိုင် ထိုးသတ်သွားမည် ဖြစ်သည်။

ပွဲစဉ်တွင် ချန်ပီယံလုပွဲ နှစ်ပွဲ အပါအ၀င် တွဲဆိုင်း ၁၂ ဆိုင်း ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ စိန်ခေါ်ပွဲများတွင် အောင်လအန်ဆန် (မြန်မာ )နှင့် ဗစ်ဒက်ရှ် (ရုရှား)၊ ဆီမို့စ် (ဘရာဇီး)နှင့် ဒန်နီရာယ်လ်(ရုရှား)၊ ခရစ္စရှော(စကော့တလန်) နှင့် ဗယ်လယ်ဒီမာ(ရုရှား)၊ ၊ ဂူတို(ဘရာဇီး)နှင့် ဘရူနို (ပေါ်တူဂီ) ၊ အန်ရီကို(ဂျာမနီ)နှင့် အိုဇီချန်(တူရဂီ)၊ မာတင်(သြစတြေးလျ)နှင့် ဆန်ဒေးလ်(ဆွီဒင်)၊ ဒါဆေးလ်ဗား (ဘရာဇီး)နှင့် ဇီဘာစတန်(ဆွီဒင်)၊ ဖေဘီစီယို(ဘရာဇီး)နှင့် ဂျေမီရီ(ဖိလစ်ပိုင်)၊ ယီဘို (တရုတ်)နှင့် ပါအူးတေးစ်(စပိန်)၊ ရာဟူ (အိန္ဒိယ)နှင့် ဇမ်ဘိုရီဂါ (ဖိလစ်ပိုင်)တို့ ယှဉ်ပြိုင် ထိုးသတ် သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required