ယူကရိန်း လေတပ်စခန်းများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှ ပြော

ယူကရိန်း လေတပ်စခန်းများနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ဖျက်ဆီးပစ်နိုင်ခဲ့ဟု ရုရှ ပြော
Photo - AFP

ဖေဖေါ်ဝါရီ ၂၄

ရုရှသမ္မတ ဗလာဒီမာပူတင်က အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် စစ်ရေးစစ်ဆင်မှု စတင်စေခဲ့ပြီးနောက် နာရီများအကြာတွင် ယူကရိန်းစစ်တပ်၏ လေတပ်စခန်းများနှင့် ယင်း၏ လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ပြောသည်။

“ယူကရိန်း စစ်တပ်ရဲ့ လေတပ်စခန်းတွေမှာ ရှိတဲ့ စစ်ဘက် အခြေခံအဆောက်အအုံတွေဟာ မလည်ပတ်နိုင်ဘဲ ဖြစ်သွားပါပြီ” ဟု ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကိယက်ဗ်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုလည်း ရှင်းပစ်နိုင်ခဲ့သည်ဟု ယင်းက ပြောသည်။

အလားတူ ယူကရိန်းစစ်တပ်ကလည်း ယင်းအနေဖြင့် သူပုန်တို့ ထိန်းချုပ်ရာ နယ်မြေတစ်ခုအနီး နိုင်ငံ အရှေ့ပိုင်းတွင် ရုရှ လေယာဉ် ငါးစင်းနဲ့ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ထုတ်ဖော်ထားခဲ့သည်။

“ဒီနေ့ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ပူးတွဲ တပ်ဖွဲ့ ကွပ်ကဲမှုဌာနရဲ့ အဆိုအရ ပူးတွဲတပ်ဖွဲ့ စစ်ဆင်ရေး ဧရိယာမှာ ကျူးကျော်သူတွေရဲ့ လေယာဉ် ငါးစင်းနဲ့ ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ပါတယ်လို့ သိထားပါတယ်” ဟု ယူကရိန်းကြည်းတပ် စစ်ဦးစီးချုပ်က ပြောသည်။

တစ်ချိန်တည်းမှာပင် ရုရှ၏ မြေပြင်တပ်ဖွဲ့များသည် ဖေဖေါ်ဝါရီ ၂၄ ရက်တွင် လမ်းကြောင်းအချို့ကနေ ယူကရိန်းနိုင်ငံထဲ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ယူကရိန်း နယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။

ရုရှတင့်ကားများနှင့် အခြားသော အကြီးစားစစ်ဘက်ပစ္စည်းများပါဝင်သည့် တပ်ဖွဲ့များသည် မြောက်ပိုင်းဒေသတချို့ရှိ နယ်စပ်နေရာ နှင့် တောင်ပိုင်းရှိ ခရိုင်းမီးယားကျွန်းဆွယ်တို့မှတဆင့် ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။

ထို့ပြင် ခရိုင်းမီးယား နယ်စပ်တစ်လျောက် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုတစ်ခုအတွင်း တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းက ပြောခဲ့ရာ ယင်းသည် ရုရှကျူးကျော်မှုအတွင်း ပထမဆုံး တရားဝင် အတည်ပြုသည့် စစ်ဘက်ဆိုင်ရာ သေဆုံးမှုဖြစ်ခဲ့သည်။

ပူတင်က ယူကရိန်းကို တိုက်ခိုက်မှု စတင်လုပ်ဆောင်စေခဲ့ပြီးနောက်တွင် ရုရှနှင့် ယူကရိန်းအကြား တည်ရှိသည့် အဇော့ပင်လယ်တွင် သင်္ဘောအသွားအလာများကို ပိတ်ထားကြောင်း ရုရှက ဖေဖေါ်ဝါရီ ၂၄ ရက်တွင် ပြောခဲ့သည်ဟု သတင်းအေဂျင်စီများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly