ရုရှ၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရ၍ အရံတပ်ဖွဲ့ဝင်များကို စစ်ထဲဝင်ရန် ယူကရိန်း ဆင့်ခေါ် 

ရုရှ၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရ၍ အရံတပ်ဖွဲ့ဝင်များကို စစ်ထဲဝင်ရန် ယူကရိန်း ဆင့်ခေါ် 
Photo - AFP

ဖေဖော်ဝါရီ ၂၄

အနောက်အုပ်စု လိုလားသော ယူကရိန်းနိုင်ငံသည် ရုရှ၏ ကျူးကျော်လာနိုင်မှုနှင့် ရင်ဆိုင်နေရရာ အရံတပ်ဖွဲ့ဝင်များကို စစ်ထဲဝင်ရန် ဗုဒ္ဓဟူးနေ့တွင် စတင်ဆင့်ခေါ်နေပြီဖြစ်ပြီး ရုရှရောက် နိုင်ငံသားများကိုလည်း ချက်ချင်း ထွက်ခွာကြရန် တိုက်တွန်းသည်။ 

ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ဒေသနှစ်ခုသို့ ‘ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်များ’ စေလွှတ်ရန် သမ္မတ ဗလာဒီမာ ပူတင်ကို ရုရှအထက်လွှတ်တော်က ခွင့်ပြုလိုက်ပြီး နောက်တစ်နေ့တွင် ယခုကဲ့သို့ ဆင့်ခေါ်လာခြင်းပဲ ဖြစ်သည်။ 

အသက် ၁၈ နှစ်မှ ၆၀ ကြား အရံတပ်ဖွဲ့ဝင်များအနေဖြင့် တစ်နှစ်တာကာလ စစ်မှုထမ်းရန် ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း ယူကရိန်း စစ်တပ်၏ ဖေ့ဘုတ် ထုတ်ပြန်ချက်၌ ဆိုသည်။ 

ယူကရိန်းတွင် အရံတပ်အင်အား ၂၀၀၀၀၀ ကျော်ထက်မနည်းရှိပြီး အများစုသည် ရုရှကျောထောက်နောက်ခံသော ခွဲထွက်ရေးသမားများနှင့် ရှစ်နှစ်တာစစ်ပွဲ ပထမနှစ်တွင် စစ်မှုထမ်းခဲ့သူများ ဖြစ်ကြသည်။ 

အရာရှိဟောင်းများနှင့် ပြန်တမ်းဝင်မဟုတ်သော အမှုထမ်းများသည် စစ်တပ်တပ်ရင်းများတွင် အမှုထမ်းကြရမည်ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီး လက်မှတ်ထိုးသော အမိန့်ညွှန်ကြားလွှာ၌ ပါရှိသည်။ 

“တကယ်၍ ဆင့်ခေါ်ခြင်း မခံရသော အရံတပ်ဖွဲ့ဝင်များအနေဖြင့် ဖြေရှင်းချက် ပေးရမည်ဖြစ်ကြောင်း” အဆိုပါ အမိန့်တွင် ဖော်ပြသည်။ 

“ဆင့်ခေါ်သည်ကို လာရောက်ခြင်း မရှိသူ သို့မဟုတ် အရေးမစိုက်သူများအနေဖြင့် ဒေသန္တရပြစ်ဒဏ်နှင့် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်များ ကျခံနိုင်ကြောင်း” လည်း သတိပေးထားသည်။ 

ရုရှ၏ ‘ရန်လိုမှု’ ကြီးထွားလာခြင်းကြောင့် ရုရှရောက် ယူကရိန်းနိုင်ငံသားများအတွက် ကောင်စစ်ဝန်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးနိုင်ရေး ပို၍ ခက်ခဲလာမည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြောသည်။ 

လက်ရှိတွင် ရုရှ၌ နေထိုင်လျက်ရှိသော ယူကရိန်းနိုင်ငံသား နှစ်သန်းမှ သုံးသန်းကြား ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly