ယူကရိန်းတွင် စစ်ဘက်ရေးရာ စစ်ဆင်ရေးကို ပူတင် ကြေညာ 

ယူကရိန်းတွင် စစ်ဘက်ရေးရာ စစ်ဆင်ရေးကို ပူတင် ကြေညာ 
Photo - AFP

ဖေဖော်ဝါရီ ၂၄

ယူကရိန်းမြို့တော်နှင့် အခြား နေရာများတွင် ပေါက်ကွဲသံများ ကြားရခြင်းနှင့်အတူ ယူကရိန်း၌ စစ်ဘက်ရေးရာ စစ်ဆင်ရေးကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကြာသပတေးနေ့တွင် ကြေညာလိုက်ခြင်းကြောင့် ‘ကြီးမားသည့် လူအများ သေဆုံးမှု’ ဖြစ်လိမ့်မည်ဟု သတိပေးထားသော အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်အတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်လာစေသည်။ 

အားစိုက်ဖော်ဆောင်သည့် သံခင်းတမန်ခင်းနှင့် အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများက ယူကရိန်းနယ်စပ်တစ်လျှောက် တပ်အင်အား ၁၅၀၀၀၀ နှင့် ၂၀၀၀၀၀ ကြား တပ်ချထားသည့် ပူတင်ကို မဟန့်တားနိုင်တော့ခြင်းပဲ ဖြစ်သည်။  

“စစ်ဘက်ရေးရာ စစ်ဆင်ရေးအတွက် ကျွန်တော် ဆုံးဖြတ်ချက် ချတယ်”ဟု မော်စကိုတွင် နံနက် ၆ နာရီ မထိုးခင်လေး၌ ရုပ်သံမှတစ်ဆင့် ပူတင်က အံ့အားသင့်ဖွယ် ကြေညာလိုက်ခြင်း ဖြစ်သည်။  

ဆိုဗီယက်ဟောင်းနိုင်ငံတွင် ‘စစ်မက်ကင်းစင်ခြင်း’ကို လိုလားပါသည်ဟု အခိုင်အမာဆိုရင်း ပူတင်က ယူကရိန်းစစ်သားများ လက်နက်ချရန်လည်း ပြောဆိုတိုက်တွန်းသည်။ 

ပူတင်ကြေညာပြီး မိနစ် ၃၀ ဝန်းကျင်အတွင်း ပေါက်ကွဲသံများ ကြားရကြောင်း ကီယတ်ဗ်မြို့တော်ရှိ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောသည်။ အရှေ့ပိုင်း မာရူပိုမြို့တွင်လည်း ပေါက်ကွဲသံများ ကြားရသည်ဟု အေအက်ဖ်ပီ သတင်းအရ သိရသည်။ 

ရုရှအတွက် ‘အကျိုးဆက်များ’ နှင့်ပတ်သက်ပြီး ကြာသပတေးနေ့တွင် နိုင်ငံသို့ မိန့်ခွန်းပြောမည်ဟု အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ကြေညာထားသည်။ ရုရှသည် ၎င်း၏ လုပ်ရပ်အတွက် တာဝန်ခံရန် ကမ္ဘာကြီးက လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောသည်။ 

ရုရှ၏ တိုက်ခိုက်မှုကြောင့် ‘အသက်ပေါင်းများစွာ ဆုံးရှုံးပြီး လူအများ ဒုက္ခဝေဒနာများ’ ခံစားရလိမ့်မည်ဟု ၎င်းက ပြောထားသည်။ 

ယူကရိန်းအရှေ့ပိုင်း သူပုန်ခေါင်းဆောင်များက ယူကရိန်းအား တိုက်ခိုက်ရာတွင် စစ်ရေးအရ ကူညီရန် တောင်းခံလာသည်ဟု ရုရှက ပြောထားပြီးနောက်တွင် ယခု ပူတင်၏ ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ယင်းကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက ‘ဥရောပ၌ စစ်ပွဲကြီးတစ်ရပ်’ ကို ရုရှပြည်သူများအနေဖြင့် အားပေးကူညီခြင်းမပြုရန် မေတ္တာရပ်ခံခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required