နိုင်ငံ၏ အပြောင်းအလဲများ ဖော်ဆောင်ရာတွင် အောင်မြင်ခဲ့ခြင်းမရှိဟု ပါကစ္စတန်ဝန်ကြီးချုပ် ဝန်ခံ

နိုင်ငံ၏ အပြောင်းအလဲများ ဖော်ဆောင်ရာတွင် အောင်မြင်ခဲ့ခြင်းမရှိဟု ပါကစ္စတန်ဝန်ကြီးချုပ် ဝန်ခံ

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်းက ၎င်းအနေဖြင့် အာဏာစတင် ရရှိခဲ့ချိန်က ကတိပေးထားခဲ့သည့်အတိုင်း နိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်အောင် ဆောင်းကြဉ်းပေးနိုင်ခဲ့ခြင်း မရှိဟု ဝန်ခံသွားခဲ့ပြီး ယင်းမှာ စနစ်ပိုင်းဆိုင်ရာ ပြစ်ချက်များကြောင့် ဖြစ်သည်ဟု ပြောသွားခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“အစပိုင်းတုန်းကတော့ ကျွန်တော်တို့ဟာ လုံးလုံးလျားလျား ပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကနေတဆင့် အပြောင်းအလဲတွေကို ချက်ချင်းလက်ငင်း ယူဆောင်ချင်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ စနစ်ဟာ ဒဏ်ခံနိုင်စွမ်း မရှိဘူးဆိုတာကို သဘောပေါက်ခဲ့ရပါတယ်” ဟု ပါကစ္စတန် ဝန်ကြီးချုပ်က ဖေဖေါ်ဝါရီ ၁၀ ရက်တွင် ပြောခဲ့သည်။

စွမ်းဆောင်ရည်အကောင်းဆုံး ဝန်ကြီးဌာနများနှင့် လုပ်ငန်းဌာနခွဲ ၁၀ ခုကို ဂုဏ်ပြုလွှာများပေးအပ်သည့် အခမ်းအနားတစ်ရပ်၌ အီမရန် ခန်းက ပြောကြားရာတွင် ၎င်းတို့ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများအနေဖြင့် လိုချင်သည့် ရလဒ်များကို ဆောင်ကြဉ်းမပေးနိုင်ခဲ့ဟု ပြောခဲ့သည်။

“အစိုးရနဲ့ နိုင်ငံအကျိုးစီးပွားအကြား အဆက်အစပ် မရှိတာက အကြီးဆုံး ပြဿနာဖြစ်ပါတယ်” ဟု ခန်းက ပြောခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

“ပို့ကုန်တွေ တိုးမြှင့်မှုကနေတဆင့် နိုင်ငံကို ဘယ်လိုတည်ငြိမ်အောင်လုပ်မလဲ၊ ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကို ဘယ်လိုမျိုး တိုးတက်စေနိုင်မလဲ ဆိုတာနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်အောင် ဘယ်လိုလုပ်နိုင်မလဲ ဆိုတာတွေကို ကျွန်တော်တို့ရဲ့ ဝန်ကြီးဌာနတွေက လုပ်ဆောင်ပေးနေပါသလား” ဆိုပြီး ခန်းက မေးခွန်းထုတ်သွားခဲ့သည်။

ပါကစ္စတန်အတိုက်အခံ ဒီမိုကရက်တစ် လှုပ်ရှားမှုအဖွဲ့ (PDM) က ပါလီမန်တွင် ဝန်ကြီးချုပ် အီမရန် ခန်းကို အယုံအကြည်မရှိအဆို တင်သွင်းရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly