အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသော်လည်း ထိုင်းနှင့် တရုတ်ဆက်ဆံရေး ပိုမိုနီးစပ်နေ

အမေရိကန်နှင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသော်လည်း ထိုင်းနှင့် တရုတ်ဆက်ဆံရေး ပိုမိုနီးစပ်နေ

ထိုင်းနှင့် အမေရိကန်တို့ ပူးတွဲပြုလုပ်သည့် အာရှ-ပစိဖိတ်၏ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ လ ၂၀ရက်မှ မတ် ၅ ရက်အထိ ပြုလုပ်လျက်ရှိရာတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွမ် ပျံ့နှံ့ကြောင့် အရွယ်အစား ပမာဏကို လျှော့ချထားသည်။

ကပ်ရောဂါမတိုင်ခင် အရေအတွက်၏ ၃ ပုံ ၁ပုံခန့်ဖြစ်သည့် ထိုင်းတပ်ဖွဲ့ဝင် ၁,၉၅၃ နှင့် အမေရိကန် ၁,၂၉၆ ဦးအပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၃၄၆၀ ခန့်သည် ၂၀၂၂ခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလအစောပိုင်းက အမေရိကန်သံရုံးတာဝန်ခံ မိုက်ကယ်ဟိနှင့် ပူးတွဲပြုလုပ်သည့် ထိုင်းစစ်တပ် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၂၀ ပါဝင်ပြီး စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် မလေးရှားတို့က တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဖြစ်ကာ တရုတ်၊ အိန္ဒိယနှင့် သြစတြေးလျတို့သည် ထိုင်းနိုင်ငံ၏ ကျေးလက်ဒေသများတွင် စာသင်ကျောင်းများ ဆောက်လုပ်ခြင်းကဲ့သို့သော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ စီမံကိန်းများတွင် ပါဝင်မည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၁၄ ခုနှစ်ကတည်းက လူသားချင်းစာနာထောက်ထားမှုနှင့် အရပ်ဘက် အကူအညီပေး ရေးလုပ်ငန်းပိုင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် လေ့လာသူအဖြစ် ပါဝင်ခဲ့သော်လည်း စစ်အာ ဏာရှင်များက ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပိုဆိုးလာသည့် နိုင်ငံရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်ရခြင်းကြောင့် ယင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်ခွင့်မရပေ။

ထိုင်းနိုင်ငံ နရွမ်စွမ်တက္ကသိုလ်မှ လုံခြုံရေးကျွမ်းကျင်သူ ပေါလ်ချိန်ဘာက မြန်မာနိုင်ငံသည် “ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ပြီး လူ့အခွင့်အရေးများ တိုးတက်အောင်မဆောင်ရွက်ပါက ဖိတ်ကြားခံရမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ ဖီဂျီနှင့် ဗီယက်နမ်တို့ သည် စစ်ပွဲမဟုတ်သော စွမ်းရည်ဖြစ်သည့် နိုင်ငံစုံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အရေးပေါ် လေ့ကျင့်မှုဖြစ်သည့် နိုင်ငံစုံစီမံချက်များအသင်းတွင် ပါဝင်မည်ဖြစ်သည်။

အာရှတွင် အမေရိကန်၏ သက်တမ်းအရင့်ဆုံး မဟာမိတ်ဖြစ်သော ထိုင်းနိုင်ငံသည် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဆက်လက် လက်ခံကျင်းပပေးသည့်တိုင် တရုတ်နှင့် ဆက်ဆံရေး ပိုမိုနီးကပ်လျက်ရှိသည်။

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် ယင်း၏ မဟာမိတ်များနှင့်သာ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ရုံသာမက တရုတ်နှင့် စစ်ရေးလေ့ကျင့်မှုတွင်လည်း ပါဝင်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ပထမဆုံးအာဏာရစေခဲ့သည့် ၂၀၁၄ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ထိုင်း-အမေရိကန် ဆက်ဆံရေး သွေးအေးသွားသော်လည်း နောက်ဆုံး Cobra Gold စစ်ရေးလေ့ကျင့်မှုသည် ဆက်ဆံရေး နွေးထွေးလာချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly