မိမိသာ သမ္မတအဖြစ် ဆက်ရှိနေခဲ့ပါက ပူတင်သည် ယူကရိန်းကို ခြိမ်းခြောက်လိမ့်မည်မဟုတ်ဟု ထရမ့် ပြော

မိမိသာ သမ္မတအဖြစ် ဆက်ရှိနေခဲ့ပါက ပူတင်သည် ယူကရိန်းကို ခြိမ်းခြောက်လိမ့်မည်မဟုတ်ဟု ထရမ့် ပြော
Photo - AFP

ဖေဖေါ်ဝါရီ ၂၃

ယူကရိန်း ခွဲထွက်ဒေသနှစ်ခု၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့သည့် ရုရှခေါင်းဆောင် ဗလာဒီမာ ပူတင်၏ လုပ်ရပ်က “ထူးချွန်ထက်မြက်သည့် လုပ်ဆောင်ချက်” ဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဖေဖေါ်ဝါရီ ၂၂ ရက်တွင် ချီးကျူးစကားဆိုခဲ့သည်။ သို့သော် အကယ်၍ ၎င်းသာ အမေရိကန်သမ္မတအဖြစ် ဆက်ရှိနေခဲ့မည်ဆိုပါက လက်ရှိ ရုရှ-ယူကရိန်းအကျပ်အတည်းက ပေါ်ပေါက်လိမ့်မည် မဟုတ်ကြောင်း ထရမ့်က ပြောခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ဒေသနှစ်ခု၏ သီးခြားလွတ်လပ်ရေးကို ပူတင်က အသိအမှတ်ပြုခဲ့မှုနှင့်ပတ်သက်ပြီး ရေဒီယိုပရိုဂရမ်တစ်ခု၌ အစီအစဉ်တင်ဆက်သူများက ထရမ့်၏ အမြင်သဘောထားကို မေးမြန်းခဲ့သည်။

“ပူတင်က ယူကရိန်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုကို သီးခြားလွတ်လပ်မှုအဖြစ် ကြေညာခဲ့တယ်။ အိုး၊ ဒါက အံ့ဩချီးကျူးလောက်စရာပါပဲ” ဟု ထရမ့်က ပြောသည်။

ခွဲထွက်ဒေသနှစ်ခုဖြစ်သည့် ဒွန်နက်စ်နှင့် လုဂန့်စ် တို့ကို ကာကွယ်ရန်ဆိုပြီး ပူတင်က ၎င်း၏ တပ်ဖွဲ့များကို ယူကရိန်းနယ်ထဲ ဝင်ရောက်ရန် အမိန့်ပေးခဲ့ပြီးနောက်တွင် ရုရှသည် နိုင်ငံတကာ၏ ထိုးနှက်တုံ့ပြန်မှုနှင့် ရင်ဆိုင်နေရသည်။

အလုံးစုံ ကျူးကျော်မှုတစ်ခုအတွက် သတိပေးမှုများအကြား ယူကရိန်းနယ်စပ်၌ ရုရှားစစ်သည်သိန်းချီ ရှိနေချိန် ပူတင်၏ အဆိုပါ လုပ်ဆောင်ချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပူတင်၏ လုပ်နည်းကိုင်နည်းများက “ချက်ချာပါးနပ်” ကြောင်း ထရမ့်က ပြောခဲ့သလို အမေရိကန်သည်လည်း မက္ကဆီကိုနှင့်အကြား ယင်း၏ နယ်စပ်၌ ထို လုပ်နည်းကိုင်နည်းများကို ပုံတူကူးသွားနိုင်ကြောင်း ပြောခဲ့သည်။ သို့သော် ယင်းနှင့်ပတ်သက်ပြီး

၎င်းက အသေးစိတ်အကျယ်ချဲ့ ပြောဆိုခဲ့ခြင်းတော့ မရှိပေ။

အကယ်၍ လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သာ “ကောင်းမွန်စွာ” ကိုင်တွယ်ထားခဲ့သည် ဆိုပါလျင် ယူကရိန်းအကျပ်အတည်းကို လုံးလုံးလျားလျား ရှောင်လွှဲနိုင်ခဲ့လိမ့်မည်ဟု ထရမ့်က ပြောခဲ့သည်။

“ကျွန်တော် ဗလာဒီမာ ပူတင်အကြောင်း ကောင်းကောင်း သိပါတယ်။ ထရမ့် အစိုးရနဲ့ဆိုရင် သူ့အနေနဲ့ ခုလက်ရှိ လုပ်နေတာတွေကို ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ပါဘူး” ဟု ထရမ့်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required