ယူကရိန်းကို ‘စတင်’ ကျူးကျော်ခြင်းအတွက် ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ကြောင်း ဂျိုး ဘိုင်ဒင် ကြေညာ 

 ယူကရိန်းကို ‘စတင်’ ကျူးကျော်ခြင်းအတွက် ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်ကြောင်း ဂျိုး ဘိုင်ဒင် ကြေညာ 
Photo: EPA

ယူကရိန်းအား ကျူးကျော်မှု ‘စတင်ခြင်း’ အတွက် ရုရှကို ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့များ ချမှတ်ကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က အင်္ဂါနေ့၌ ပြောသည်။ သို့ရာတွင် ရုရှနယ်စပ်အလွန်ဆီ တပ်ဖွဲ့ဝင်များ စေလွှတ်ရေး ဗလာဒီမာ ပူတင်က အချက်ပေးလိုက်သည့် ကြားမှပင် စစ်ပွဲကို ရှောင်ရှားနိုင်ရန် အချိန်ရှိသေးကြောင်း ဂျိုး ဘိုင်ဒင်က ပြောဆိုသည်။ 

လက်ရှိ၌ ရုရှက လွတ်လပ်သော ဒေသများအဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်သော ယူကရိန်း ခွဲထွက်ဒေသနှစ်ခုဆီ ‘ငြိမ်းချမ်ရေးထိန်းသိမ်းရေး’ တပ်များ စေလွှတ်ဖြန့်ကြက်ရေးအတွက် ပူတင်ကို ရုရှ အထက်လွှတ်တော် ပြည်ထောင်စုကောင်စီက တညီတညွတ်တည်း ခွင့်ပြုလိုက်ပြီဖြစ်ပြီး ယူကရိန်း၏ အခြား အရပ်ဒေသများသို့လည်း ဝင်ရောက်ဖွယ် ရှိနေသည်။ 

ရုရှ၏ ဘဏ္ဍာရေးကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာရေးအသင်းအပင်းများနှင့် ရုရှ အထက်တန်းလွှာကို ပစ်မှတ်ထားခြင်းအပါအဝင်ဖြစ်သော ဒဏ်ခတ်ပိတ်ဆို့မှု ‘ပထမဆုံး အသုတ်’ ကို ဂျိုး ဘိုင်ဒင်က ကြေညာခြင်း ဖြစ်သည်။ 

သို့သော် ရုရှ၏ တင်းပြည့်ကျူးကျော်မှုကို ရှောင်လွှဲနိုင်ရန် သံခင်းတမန်ခင်းမှ နောက်ဆုံး ကြိုးစားအားထုတ်မှုကိုမူ ဂျိုး ဘိုင်ဒင်က တံခါးဖွင့်ထားဆဲ ဖြစ်သည်။ 

“ရုရှဟာ ရန်လိုကျူးကျော်သူဆိုတာ မေးစရာ မလိုတော့ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း မြင်ရတာပဲ”ဟု သမ္မတ ဂျိုး ဘိုင်ဒင်က ပြောသည်။ 

“ဘာပဲဖြစ်ဖြစ်ပါ၊ လူသန်းပေါင်းများစွာ ပြောမပြနိုင်တဲ့ ဘေးဒုက္ခတွေ ခံစားရမယ့် အဆိုးဆုံး အခြေအနေကို ရှောင်ရှားနိုင်ဖို့ အချိန်ရှိနေဆဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ပူတင်က ယူကရိန်း၏ ဒွန်နက်စ်နှင့် လုဂန်စ်ဒေသများကို လွတ်လပ်သည့်နိုင်ငံများအဖြစ် အသိအမှတ် ပြုလိုက်ပြီးနောက် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာပြီးနောက် ယခုကဲ့သို့ ဂျိုး ဘိုင်ဒင်က မိန့်ခွန်းပြောလာခြင်းလည်း ဖြစ်သည်. 

ဂျာမနီနိုင်ငံကလည်း ရုရှမှ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းသည့် စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာသည်။ 

ပူတင်၏ အစီအစဉ်နှင့် ပတ်သက်ကာ သေချာမသိရသေးသော်လည်း ၎င်းသည် ဥရောပ၌ ကြီးမားသော စစ်ပွဲကြီး ပေါ်ပေါက်လာနိုင်သည့် ယူကရိန်းအား အလုံးစုံကျူးကျော်ရေးအတွက် ပြင်ဆင်နေသည်ဟု အနောက်တာဝန်ရှိသူများက သတိပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly