တရုတ်နှင့် ရုရှက မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်‌ရောင်းချပေးနေဟု ကုလ ကျွမ်းကျင်သူ ပြော

တရုတ်နှင့် ရုရှက မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်‌ရောင်းချပေးနေဟု ကုလ ကျွမ်းကျင်သူ ပြော

ဖေဖော်ဝါရီလ ၂၂ ရက်

မြန်မာအာဏာသိမ်းစစ်တပ်ကို လက်နက်တပ်ဆင်ထောက်ပံ့ပေးနေသူများထဲတွင် တရုတ်နှင့် ရုရှ နိုင်ငံတို့ ပါဝင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်သည်။

တရုတ်နှင့် ရုရှ တို့သည် မြန်မာအာဏာသိမ်းစစ်တပ်ကို တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ ထောက်ပံ့ရောင်းချပေးထားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ တွန် အန်ဒရူးစ်က ဖေဖေါ်ဝါရီ ၂၂ ရက်တွင် ပြောသည်။

“ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ဟာ ဒဏ်ခတ်မခံရဘဲနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရှိတဲ့ကြားကပဲ ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှ တို့ဟာ မြန်မာစစ်တပ်ကို တိုက်လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ ဆက်လက် ထောက်ပံ့ပေးနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

ထို့ပြင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချသူများထဲတွင် ဆားဘီးယားနိုင်ငံလည်း ပါဝင်သည်ဟု အန်ဒရူးစ်က ပြောသည်။

“ဒီ အလားတူ ကာလအတွင်းမှာ ဆားဘီးယားဟာလည်း မြန်မာစစ်တပ်ထံ ရော့ကတ်တွေ၊ အမြှောက်တွေ တင်ပို့မှုကို တရားဝင် ခွင့်ပြုထားခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ယင်းကဲ့သို့ လက်နက်ရောင်းချထောက်ပံ့မှုများကို တားဆီးရေး အန်ဒရူးစ်က ကုလ လုံခြုံရေးကောင်စီကို တိုက်တွန်းတောင်းဆိုခဲ့သည်။

“အရပ်သားပြည်သူတွေကို သတ်ဖို့ အသုံးပြုတဲ့ လက်နက်တွေကို မြန်မာနိုင်ငံဆီ ထပ်ပြီးတော့ လွှဲပြောင်းပို့ဆောင်မပေးသင့်တော့ပါဘူး” ဟု ၎င်းက အလေးပေးပြောခဲ့သည်။

မြန်မာစစ်တပ်၏ ရေနံနှင့် ဓာတ်ငွေ့ကဏ္ဍနှင့် အရန်နိုင်ငံခြားသုံးငွေဆိုင်ရာ ဝင်ငွေရပေါက်ရလမ်းများကို ဖြတ်တောက်ပိတ်ဆို့ရေး ၎င်းက တိုက်တွန်းခဲ့သလို စစ်အုပ်စုဆီ ငွေကြေးများ စီးဝင်စေမည့် သစ်နဲ့ မြေရှားသတ္တုထုတ်ကုန်များကဲ့သို့ ရင်းမြစ်များကို နိုင်ငံများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဝယ်ယူမှုကိုလည်း တားဆီးပိတ်ပင်ရေး တိုက်တွန်းခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required