ယူကရိန်း ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုမှုအတွက် ရုရှကို အမေရိကန်နှင့် မဟာမိတ်များ အပြင်းအထန် ရှုတ်ချ

ယူကရိန်း ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုမှုအတွက် ရုရှကို အမေရိကန်နှင့် မဟာမိတ်များ အပြင်းအထန် ရှုတ်ချ

ဖေဖော်ဝါရီလ ၂၂ ရက်

ယူကရိန်းရှိ သူပုန်တို့ထိန်းချုပ်ရာ ဒေသနှစ်ခု၏ သီးခြားလွတ်လပ်ရေးကို အသိအမှတ်ပြုကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ကြေညာချက် ထွက်ပေါ်ပြီးနောက် တနင်္လာနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး၌ အမေရိကန်နှင့် မဟာမိတ်များက ရုရှအပေါ် အပြင်းအထန် ဝိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြသည်။

ယူကရိန်း၏ ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုပြီး ထိုဒေသများသို့ စစ်သည်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ရန်  အမိန့်ထုတ်ခဲ့သည့် ပူတင်၏ လုပ်ဆောင်ချက်က နိုင်ငံတကာ ဥပဒေကို ကမ်းကုန်အောင် ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်းနှင့် ယင်းက စစ်ပွဲအတွက် မူမမှန်သည့် အကြောင်းပြချက် ဖန်တီးခြင်းဖြစ်ကြောင်း အမေရိကန်နှင့် ယင်း၏ မဟာမိတ်များက ပြောကြားခဲ့သည်။

ဒွန်နက်စ်နှင့် လုဂန့်စ် ဒေသဧရိယာများတွင် ရုရှတပ်ဖွဲ့ဝင်များက ငြိမ်းချမ်းရေးထိန်းသိမ်းမှု တာဝန်ယူသွားမည် ဆိုသည့် ပူတင်၏ ပြောဆိုမှုအပေါ် ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က ကောင်စီအစည်းအဝေးအတွင်း ပြစ်တင်ပြောဆိုသွားခဲ့သည်။

“အဲဒီတပ်ဖွဲ့တွေကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေလို့ သူက ပြောတယ်။ ဒါက အဓိပ္ပါယ် လုံးဝ မရှိပါဘူး။ သူတို့ တကယ်တမ်း ဘာလဲဆိုတာ ကျွန်မတို့ သိပါတယ်” ဟု ဂရင်းဖီးဒ်က ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှ၏ ပြောဆိုချက်များ ရှိလင့်ကစား ယူကရိန်းနိုင်ငံ၏ နယ်နိမိတ်များက အပြောင်းအလဲမရှိ ဆက်ရှိနေကြောင်း ယူကရိန်းသံအမတ် ဆာဂျီ ကိုင်ဆလက်စယာက အခိုင်အမာ ပြောခဲ့သည်။

ကုလဆိုင်ရာ ရုရှသံအမတ် ဗက်စီလီ နီဘန်ဇယာက ရုရှအနေဖြင့် သံတမန်ရေးအရ ဖြေရှင်းနည်းတစ်ခု ရရန်အတွက် သံခင်းတမန်ခင်း လမ်းကြောင်းကို ဆက်ဖွင့်ထားဆဲဖြစ်ကြောင်း ပြောသော်လည်း ယူကရိန်းဘက်မှ ရန်လိုမှု ရှိသည်ဆိုပြီး ၎င်းက သတိပေးသွားခဲ့သည်။

ပူတင်၏ ကြေညာချက်က ယူကရိန်းနယ်စပ်အနီး ၎င်း စုရုံးချထားသည့် ဖြစ်နိုင်ခြေရှိ ကျူးကျော်ဝင်ရောက်မည့် တပ်ဖွဲ့၏ တစ်စိတ်တစ်ဒေသကို တပ်ဖြန့်မှုလုပ်ဆောင်ရန် လမ်းကြောင်းခင်းမှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံနေရသည်။

သူပုန်တို့ ထိန်းချုပ်ရာ ခွဲထွက်ဒေသနှစ်ခုကို အသိအမှတ်ပြုကြောင်း ကြေညာသည့် ရုပ်သံမိန့်ခွန်းအတွင်း ပူတင်က ပြောကြားရာတွင် ယူကရိန်းသည် ကျရှုံးနိုင်ငံဖြစ်သလို အနောက်အုပ်စု၏ ရုပ်သေးရုပ် ဖြစ်နေကြောင်း ပြောဆိုခဲ့သလို ယင်းသည် သမိုင်းကြောင်းအရ ရုရှ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြောင်း ပူတင်က ပြောသွားခဲ့သည်။

ပူတင်၏ အဆိုပါ မိန့်ခွန်းက လက်ခံနိုင်ဖွယ် မရှိဘဲ မှားယွင်းသည့် ပြောဆိုချက်များသာ ဖြစ်နေကြောင်းနှင့် ယင်းက စစ်ပွဲအတွက် မူမမှန်တဲ့ အကြောင်းပြချက်တစ်ခုကို ဖန်တီးနေခြင်းဖြစ်ကြောင်း သောမတ်စ် ဂရင်းဖီးဒ်က ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် ပူတင်၏ အမိန့် ထွက်ရှိပြီးနောက် ဝါရှင်တန်ဘက်က မော်စကိုအပေါ် ဒဏ်ခတ်အရေးယူမှုများ ချမှတ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကလည်း အေအက်ဖ်ပီကို ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required