ယူကရိန်း ခွဲထွက်ဒေသနှစ်ခု၌ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ရုရှတပ်များ ဖြန့်ကြက်ရန် ပူတင် အမိန့်ထုတ် 

ယူကရိန်း ခွဲထွက်ဒေသနှစ်ခု၌ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ရုရှတပ်များ ဖြန့်ကြက်ရန် ပူတင် အမိန့်ထုတ် 
Photo - AFP

ဖေဖော်ဝါရီလ ၂၂ ရက်

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်း ခွဲထွက်ဒေသနှစ်ခုအား လွတ်လပ်သည့်ဒေသများအဖြစ် အသိအမှတ်ပြုလိုက်ပြီး နာရီပိုင်းမှာပင် ယင်းဒေသများ၌ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက် တပ်ဖြန့်ချထားရန် ရုရှစစ်တပ်ကို တနင်္လာနေ့က အမိန့်ထုတ်လိုက်သည်။ 

ပူတင်၏ ယခုကဲ့သို့ ခွဲထွက်ဒေသများကို လွတ်လပ်သော ဒေသများအဖြစ် အသိအမှတ် ပြုလိုက်ခြင်းသည် ပဋိပက္ခများအတွက် ထိခိုက်လွယ်သော ၂၀၁၅ ငြိမ်းချမ်းရေး စီမံကိန်းကို ချေဖျက်ပစ်လိုက်ရာ ရောက်ပြီး ရုရှစစ်တပ် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းကိုလည်း တံခါးဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။ 

တရားဝင် အမိန့်ထုတ်ပြန်ချက် နှစ်ရပ်၌ ပူတင်က ကာကွယ်ရေးဝန်ကြီးဌာနအား ဒွန်နက်စ်နှင့် လုဂန်စ်ဒေသများတွင် ‘ငြိမ်းချမ်းရေး ထိန်းသိမ်းမှု’ကို တာဝန်ယူထားရန် ညွှန်ကြားထားခြင်း ဖြစ်သည်။ 

မည်သို့သော တပ်ဖြန့်မှုမဆိုအတွက် အသေးစိတ်နှင့် နေ့ရက်တို့ကို ရုရှက မထုတ်ပြန်သော်လည်း သဘာတူ လက်မှတ်ထိုးပြီးသည့် နေ့မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်းသာ ပြောထားသည်။ 

ရုရှသည် ယူကရိန်းနယ်စပ် ဒေသများ၌ စစ်သား ထောင်ပေါင်းများစွာကို စေလွှတ်ထားရာ အနောက်အုပ်စုက ရုရှသည် အချိန်မရွေး တိုက်ခိုက်မှု၌ ယင်း စစ်သားများကို အသုံးပြုနိုင်ရန် စီစဉ်ထားခြင်းပဲ ဖြစ်သည်ဟု ပြောကြသည်။ 

လွတ်လပ်သော နိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သော ထို ခွဲထွက်ဒေသနှစ်ခုနှင့် ‘သံတမန် ဆက်ဆံရေး ထူထောင်ရန်’ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ပူတင်က အမိန့်ပေးထားကြေင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ရုရှအောက်လွှတ်တော်က ထုတ်ပြန်သော သဘောတူညီချက်၌ အဆိုပါ ဒေသနှစ်ရပ်တွင် ရုရှစစ်တပ် တပ်စွဲခြင်းကို တရားဝင်အဖြစ် ဖော်ဆောင်ထားပြီး ရုရှစစ်တပ်အနေဖြင့် ယင်းဒေသ ငြိမ်းချမ်းရေး ခိုင်မြဲရန်နှင့် လုံခြုံရေး တည်တံ့ရန် တပ်တည်ရှိမည် ဆိုထားခြင်း ဖြစ်သည်။ 

တနင်္လာနေ့ အစောပိုင်း၌ ရုရှခေါင်းဆောင်သည် ယူကရိန်းအနေဖြင့် အရှေ့ပိုင်းက ရုရှ နောက်ခံသော သူပုန်များကို စစ်ဆင်မှုအားလုံးအား ရပ်တန့်ရန်နှင့် သို့မဟုတ်ပါက ပို၍ သေကျေပျက်စီးမှုများ ကြုံရမည်ဟု ပြောဆိုထားသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံရမည်ဟု အနောက်အုပ်စုက အကြိမ်ကြိမ် သတိပေးထားသည့်ကြားမှပင် ပူတင်သည် ဒွန်နက်စ်နှင့် လုဂန်စ်ဒေသများကို လွတ်လပ်သည့် ဒေသများအဖြစ် အသိအမှတ် ပြုလိုက်ခြင်းပဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly