နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ စွပ်စွဲခံထားရသည့် ရွေးကောက်ပွဲအမှု တရားလိုကို စစ်ဆေးပြီးစီး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့ စွပ်စွဲခံထားရသည့် ရွေးကောက်ပွဲအမှု တရားလိုကို စစ်ဆေးပြီးစီး
Photo - EPA

ဖေဖော်ဝါရီလ ၂၁ ရက်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ တို့ကို ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ စွဲဆိုထားသည့် ပုဒ်မ ၁၃၀-က အမှု တရားလိုကို ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ရုံးချိန်းတွင် စစ်ဆေးပြီးစီးကြောင်း တရားရုံးနှင့် နီးစပ်သူထံက သိရသည်။

ယနေ့ တရားလိုကို ပြန်လှန် စစ်မေးမှု၌  စွပ်စွဲခံရသူ ရှေ့နေအဖွဲ့အတွက် ကျေနပ်ဖွယ်ရာ ကောင်းသည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်မှူး ဦးအောင်မျိုးလွင်ကို အဓိက စစ်မေးခြင်း၊ ပြန်လှန် စစ်မေးခြင်းများ ဆောက်ရွက်ပြီးစီးပြီ ဖြစ်သည့် အတွက် နောက်ရုံးချိန်းတွင် တရားလိုပြ သက်သေကို ဆက်လက် စစ်ဆေးမည် ဖြစ်သည်။

တရားလိုပြ သက်သေအဖြစ် စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဇော်သန်းသင်းကို ဆက်လက် စစ်ဆေးမည် ဖြစ်သည်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနှင့် ဦးမင်းသူတို့သည် ၂၀၂၀  ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို မလျော်သြဇာ လွှမ်းမိုးသည်ဟု စွပ်စွဲ ခံရပြီး ပုဒ်မ ၁၃၀-က  ဖြင့် တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယင်းအမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားရန် စီစဥ်ထားပြီး အပတ်စဥ် တနင်္လာနေ့တိုင်း နေပြည်တော်၌ ရုံးထုတ် စစ်ဆေးလျက် ရှိသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ထောင်ဒဏ် ခြောက်နှစ် ကျခံနေရပြီး အမှု ၁၂ မှုဖြင့် တရားရင်ဆိုင် နေရသည်။ ယခုအမှုကို  တရားရုံးက ပြစ်မှု ထင်ရှားသည်ဟု ဆုံးဖြတ်ပါက ထောင်ဒဏ် သုံးနှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ကျခံရနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required