ပူတင်-ဘိုင်ဒင် ထိပ်သီးအစည်းအဝေးကြောင့် ရုရှတပ်များ ရုပ်သိမ်းသွားနိုင်ဟု ယူကရိန်း မျှော်လင့် 

ပူတင်-ဘိုင်ဒင် ထိပ်သီးအစည်းအဝေးကြောင့် ရုရှတပ်များ ရုပ်သိမ်းသွားနိုင်ဟု ယူကရိန်း မျှော်လင့် 
Photo - AFP

ဖေဖော်ဝါရီလ ၂၁ ရက်

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင်နှင့် ရုရှသမ္မတ ဗလာဒီမာ ပူတင်တို့ကြား ထိပ်သီးအစည်းအဝေး ပေါ်ပေါက်ရန် ပြင်သစ်၏ ကြိုးပမ်းပေးမှုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် ကြိုဆိုလိုက်ပြီး ယင်း အစည်းအဝေး ရလဒ်အဖြစ် နယ်စပ်က ရုရှတပ်များ ပြန်ရုပ်သိမ်းသွားနိုင်သည်ဟု ‌ယူကရိန်းအနေဖြင့် မျှော်လင့်ကြောင်း ပြောဆိုသည်။ 

“အစည်းအဝေး ဖြစ်မြောက်ရေး လုပ်ငန်းစဉ်ကို ကျွန်တော်တို့ ကြိုဆိုပါတယ်၊ သံတမန်ဖြေရှင်းနည်းကို ရည်ရွယ်ချက်တိုင်းဟာ တန်ဖိုးရှိတဲ့ ကြိုးစားမှုပဲ ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု ဘရပ်ဆဲလ်၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများနှင့် မတွေ့ဆုံမီ ဒီမီထရို ကူလီဘာက ပြောသည်။ 

“ယူကရိန်းနယ်စပ်က တပ်တွေကို ရုရှက ပြန်ရုပ်သိမ်းရေး သဘောတူညီချက်အထိ သမ္မတ နှစ်ဦးအနေနဲ့ ဖော်ဆောင်ဖြစ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်မိတယ်”ဟု ၎င်းက ဆိုသည်။ 

ယူကရိန်းကို ရုရှက ကျူးကျော်မည်ကို စိုးရိမ်ပူပန်စရာ မရှိသ၍ ထိပ်သီးအစည်းအဝေးကို မူအားဖြင့် ခေါင်းဆောင်နှစ်ဦးက လက်ခံထားကြောင်း ပြင်သစ်သမ္မတရုံးက တနင်္လာနေ့တွင် ထုတ်ပြန်ထားသည်။ 

သို့ရာတွင် ထိုသို့သော ထိပ်သီးအစည်းအဝေး ကျင်းပရန်မှာ ‘ဆန္ဒစောလွန်းနေသေးကြောင်း’ ရုရှက ပြောထားသည်။ 

ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှက တပ်အင်အား ၁၅၀၀၀၀ ခန့် စေလွှတ်ထားနိုင်သည်ဟု စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်လည်း ဖြစ်သည်။ 

တိုက်ခိုက်မှုမှ ပူတင်ကို ဟန့်တားနိုင်ရန်အတွက် ‘လက်ငင်း’ ကြိုးစားခြင်းအဖြစ် ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ စတင်ချမှတ်ရန်လည်း အီးယူကို ကူလီဘာက တိုက်တွန်းထားသည်။ 

“ဥရောပသမဂ္ဂအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ကို ပြောရုံပြောသာ မဟုတ်ဘဲ လက်တွေ့ ချမှတ်တယ်ဆိုတာ အခု ထုတ်ဖော်ပြသဖို့အတွက် အနည်းဆုံး ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ရုရှအပေါ် ချမှတ်ဖို့ အကြောင်းပြချက်ကောင်းတွေ၊ တရားဝင်တဲ့ အကြောင်းပြချက်တွေ ရှိနေပြီလို့ ကျွန်တော်တို့ ယူဆတယ်”ဟု ၎င်းက ပြောသည်။ 

အနောက်မဟာမိတ်များနှင့်အတူ အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူသည် ယူကရိန်းအား ကျူးကျော်ခဲ့ပါက ရုရှကို မကြုံစဖူး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်မည်ဟု ကတိကဝတ် ပြုထားခြင်း ဖြစ်သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required