အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရတဲ့ မြန်မာ ယူ-၂၃

အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရတဲ့ မြန်မာ ယူ-၂၃

ထိုင်း ၃-၀ မြန်မာ

ကီဆာရတ်(၅၃ မိနစ်)

ရန်ရက်(၆၃ မိနစ်)

ပင်ယို(၇၁)

စင်္ကာပူနေရှင်နယ်အားကစားကွင်းကြီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၅ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာအသင်းဟာ လက်ရှိချန်ပီယံထိုင်းအသင်းအကောင်းဆုံးကြိုးစား ရင်ဆိုင်ခဲ့ပေမယ့် အဘက်ဘက်က မယှဉ်နိုင်ခဲ့ဘဲ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ထိုင်းတို့ဟာ ရှေ့၊ လယ်၊ နောက် အကောင်းဆုံး အတွဲ အဖက်မိမိ ကစားနိုင်ခဲ့ပြီး မြန်မာကို ပွဲချိန် တစ်လျှောက်လုံး ခြေစွမ်း အသာစီးနဲ့ကစားသွားခဲ့ပါတယ်။ မြန်မာကစားသမားတွေဟာ စိတ်ဓာတ်ပိုင်းမှာ ထိုင်းကို ယှဉ်နိုင်ခဲ့ပေမယ့် အသင်းလိုက်စုစည်းမှု၊ နည်းစနစ်ပိုင်းနဲ့ တစ်ဦးချင်းအရည်အချင်းတွေမှာ ထိုင်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။

မြန်မာအသင်းရဲ့ မလျှော့တဲ့ဇွဲနဲ့ ယှဉ်ပြိုင်ခဲ့မှုကြောင့် ထိုင်းတို့ဟာ ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် သူတို့ရဲ့ ပုံစံမပျက်အောင် အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန်ပြည့်တဲ့အထိလည်း အမှားမရှိအောင် သတိထားပြီး ကစားသွားခဲ့ပါတယ်။

မြန်မာအသင်းမှာ ဂိုး-ကျော်ဇင်ဖြိုး၊ နောက်တန်းမှာ ကျော်ဇင်လွင်၊ ရဲဝင်းအောင်၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း မှာ နေလင်းထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ စည်သူအောင်၊ ရှေ့တန်းမှာ ကောင်းဆက်နိုင်၊ ရှိုင်းသူရ စတဲ့ အဓိက ကစားသမားတွေကိုပဲ ပွဲထွက်ကစားသမားတွေအဖြစ် အသုံးပြုခဲ့ပါတယ်။

ထိုင်းအသင်းမှာလည်း သူတို့ရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ချာနာနန်ပွန်ဖက်ဖာ၊ အသင်းခေါင်းဆောင် ဆာရက်ယူယန်၊  ကွင်းလယ်က ဆွန်ကရာဆင်၊ ပေါင်ဂျန် တို့ပါဝင်ကစားခဲ့ကြပါတယ်။

ပွဲစပြီ ဆိုတာနဲ့ ထိုင်းတို့က ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး မြန်မာကို တိုက်စစ်ဆင် ဖိကစားခဲ့ပါတယ်။ မြန်မာတို့ကတော့ ဂိုးမပေးရရေးကို အဓိကထားပြီး တန်ပြန်တိုက်စစ်တွေနဲ့ ကစားခဲ့ပါတယ်။

ထိုင်းတို့က ဘောလုံးထိန်းသိမ်းမှု ဘောလုံးဖြန့်ဝေမှုနဲ့ လက်ခံရယူမှုတွေမှာ သေသပ်လှပြီး ဖိကစားနိုင်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာအလယ်တန်းက ရဲကိုဦး၊ လှိုင်းဘိုဘို၊ နေလင်းထွန်းနဲ့ စည်သူအောင်တို့ဟာ ခံစစ်ကို အဓိက ကူပြီး ဘောလုံးရပြီဆိုတာနဲ့ ရှိုင်းသူရနဲ့ ကောင်းဆက်နိုင်တို့ဆီပေးပို့ပြီး ကစားခဲ့ပါတယ်။ မြန်မာခံစစ်ဇုန်မှာ အနည်းဆုံးရှစ်ဦးလောက် ရှိနေလို့ ထိုင်းတို့ ထင်သလို ထိုးဖောက်လို့တော့ မရခဲ့ပါဘူး။

ပွဲချိန် ၆ မိနစ်မှာပဲ ထိုင်းက ပွန်ဖက်ဖာ(၂၃) ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ကျော်ဇင်ဖြိုးကာကွယ်နိုင်ခဲ့ပါတယ်။ ထိုင်းတို့ဟာ ဧရိယာထဲအထိဝင်လို့မရတာကြောင့် အဝေးကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။ ပွဲချိန် ၂၉ မိနစ်မှာ မြန်မာတို့တန်ပြန်တိုက်စစ်ကနေ ဂိုးရနိုင်မယ့် အခွင့်အရေးတစ်ကြိမ်ရခဲ့ပါတယ်။ စည်သူအောင်ရဲ့ ကန်ချက် ထိုင်းနောက်ခံလူနဲ့ထိပြီး လမ်းကြောင်းပြောင်းလာတာကို ထိုင်းဂိုးသမားပုတ်ထုတ်ကာကွယ်ရာမှာ ဧရိယာစည်းအပြင်မှာ ရှိနေတဲ့ နေလင်းထွန်း ကန်ခွင့်ရခဲ့ပေမယ့် ကန်ချက်ပျော့သွားလို့ ထိုင်းတို့ဖျက်ထုတ်သွားနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်တော့ ထိုင်းတို့ပဲ တောက်လျှောက်ဖိကစားခဲ့ပါတယ်။ ၃၇ မိနစ်မှာ ပေါင်ဂျန်(၇)ခေါင်းတိုက်ခွင့်တစ်ကြိမ်ရခဲ့တာကို ကျော်ဇင်ဖြိုး ကာကွယ်နိုင်ခဲ့သလို ၄၁ မိနစ်မှာလည်း ထိုင်းနောက်ခံလူ ပီရာပက်(၂) ဂိုးသမားနဲ့ တစ်ဦးချင်းအပိုင်ကန်ခွင့်ရခဲ့ပေမယ့် ကျော်ဇင်ဖြိုးက အကောင်းဆုံး လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးကာနီးမှာ ထိုင်းတို့ဧရိယာထိပ်ကနေ ကန်သွင်းခဲ့တာကိုလည်း ကျော်ဇင်ဖြိုး ကာကွယ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ထိုင်းတို့ကပဲ ခြေစွမ်းအသာစီးနဲ့ ဆက်လက်ဖိကစားနိုင်ခဲ့ပါတယ်။ မြန်မာတို့ကတော့ ပထမပိုင်းကအတိုင်း ခံစစ်အသားပေးပဲ ကစားခဲ့ပါတယ်။

ပွဲချိန် ၅၂ မိနစ်မှာ ထိုင်းက ချာနာသစ်အနီးကပ် ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးသမားကျော်ဇင်ဖြိုးကာကွယ်ခဲ့ပြန်ပါတယ်။ ၅၃ မိနစ်မှာတော့ မြန်မာတို့ ဘယ်လိုမှ မတတ်နိုင်တော့ပဲ အဖွင့်ဂိုးပေးလိုက်ရပါတယ်။ ထောင့်ကန်ဘောက မြန်မာကစားသမားတွေ ဖျက်ထုန်လို့ ပြန်ထွက်လာတာကို ကီဆာရတ်(၁၇)က ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရလို့ မြန်မာတို့ဟာ ချေပဂိုးပြန်ရဖို့ စိတ်စောခဲ့ပြီး ဖိကစားချိန်မှာ တည်ထားတဲ့ ကစားကွက်မှာ ဟာကွက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ၆၃ မိနစ်မှာ ဒုတိယဂိုးပေးလိုက်ရပြန်ပါတယ်။ ကျောနံပါတ် ၂၃ ရန်ရက် တစ်ဦးတည်းလွတ်ထွက်သွားပြီး အပိုင်ကန်သွင်းသွားတာ ဖြစ်ပါတယ်။

၂ ဂိုးပေးလိုက်ရချိန်မှာ မြန်မာဘက်က လှိုင်းဘိုဘိုအစား သီဟဇော်ကို ထည့်သွင်းပြီး ဂိုးရဖို့ ကြိုးစားခဲ့ပါတယ်။ ထိုင်းတို့က အနည်းငယ်ကစားအားချလိုက်ပြီး ဘောလုံးထိန်းကစားဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မြန်မာတိုက်စစ်က အတွဲအဖက်မမိတာကြောင့် ဂိုးရလောက်အောင် အခွင့်အရေးမရခဲ့ပါဘူး။ ပွဲချိန် ၇၁ မိနစ်မှာတော့ မြန်မာတို့ တတိယဂိုးပေးခဲ့ရ ပြန်ပါတယ်။ ကွင်းလယ်က အသင်းခေါင်းဆောင် ဆာရက်ယူယန်(၆)မပေးလိုက်တာကို လူစားဝင်လာတဲ့ ပင်ယို(၁၁)က ပြေးထွက်သွားပြီး ကျော်ဇင်ဖြိုးရဲ့ ဘယ်ဘက်ထောင့်ထဲ ကန်သွင်းသွားတာဖြစ်ပါတယ်။

သုံးဂိုးပြတ်ရှုံးနေပေမယ့် မြန်မာတို့ဟာ သိက္ခာဆည်ဂိုးရဖို့အတွက် ကြိုးစားကစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ထိုင်းတို့ဟာ ပွဲပြီးဆုံးတဲ့ အချိန်အထိ အမှားမခံဘဲ ကစားသွားတာကြောင့် ၃-၀ ဂိုးနဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တာကြောင့် ထိုင်းတို့ဟာ ၁၅ ကြိမ်မြောက် ဆီးဂိမ်းချန်ပီယံဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ မြန်မာတို့ကတော့ ၄၂ နှစ်ကြာဝေးကွာနေတဲ့ ရွှေတံဆိပ်ဆုနဲ့ ထပ်မံလွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly