ယူ-၂၀ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင် ဒဏ်ရာကြောင့် နှစ်လခန့် ထပ်မံ အနားယူရဖွယ်ရှိ

ယူ-၂၀ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင် ဒဏ်ရာကြောင့် နှစ်လခန့် ထပ်မံ အနားယူရဖွယ်ရှိ
ဒဏ်ရာကြောင့် နှစ်လခန့် ထပ်မံအနားယူရမည့် မြန်မာယူ-၂၀ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်။

ရန်ကုန်၊ ဇွန် ၁၀ ။     ။ နယူးဇီလန် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၀ အသင်းနှင့် ရန်ကုန်ယူနိုက်တက် ကလပ်အသင်း ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်သည် လေ့ကျင့်ခန်းလုပ်ရင်း ဒူးဒဏ်ရာဟောင်း ကို ပြန်ထိခဲ့သည့်အတွက် နှစ်လခန့် ထပ်မံ အနားယူရဖွယ် ရှိသည် ဟု အသင်းအတွင်းရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။

ငြိမ်းချမ်းအောင်၏ ဒူးဒဏ်ရာသည် ဟန်ဂေရီ ယူ-၂၀ အသင်းနှင့် ခြေစမ်းပွဲတွင် ရရှိခဲ့ခြင်း ဖြစ်ပြီး နယူးဇီလန်နှင့် ပွဲမတိုင်ခင်၌ ထပ်မံထိခိုက်မိသွားသည့်အတွက် မြန်မာ ယူ-၂၀ အသင်း၏ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်အားလုံးကို လွဲချော်ခဲ့သည်။

ငြိမ်းချမ်းအောင်၏ ဒဏ်ရာနှင့် ပတ်သက်၍ “ ကျွန်တော်တို့လည်း ငြိမ်းချမ်းအောင်ကို အတတ်နိုင်ဆုံး ကြိုးစားကုသပေးပါတယ်။ နည်းလမ်းလည်း အစုံပါပဲ။ နယူးဇီလန်နဲ့ပွဲ မတိုင်ခင်မှာ လေ့ကျင့်ခန်းလုပ်ရင်း ထပ်ထိခိုက်မိသွားတာပါ။ နောက်နေ့မနက် မှာ ယောင်ကိုင်းလာလို့ ဖီဖာနဲ့ညှိပြီး ဆေးရုံသွားပြတော့ ဒူးထဲက အရည်တွေ စုပ်ထုတ်လိုက်ရတာပါ။ အရမ်းနာပါတယ်။ သူကိုယ်တိုင် လည်း မြန်မာအသင်းအတွက် မကစားပေးနိုင်ခဲ့လို့ ငိုပါတယ်။ ဆရာဝန်ကတော့ သူ့ကို နှစ်လလောက် နားရမယ် လို့ ပြောပါတယ် ” ဟု ဦးစိုးမိုးကျော်က ပြောသည်။

ငြိမ်းချမ်းအောင်သည် မနောမြေကလပ်အသင်းမှ ပေါ်ထွက်လာသော ကစားသမားတစ်ဦး ဖြစ်ပြီး ၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲ တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့၍ အဆိုပါ ပြိုင်ပွဲအပြီး၌ ရန်ကုန်ယူနိုက်တက် ကလပ်အသင်းက တရားဝင် ခေါ်ယူစာချုပ် ခဲ့သူဖြစ် သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly