အဓိက ဆုဖလားအားလုံးကို အချိန်တိုအတွင်း ရယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာသော ဂယ်ရီကာဟေးလ်

အဓိက ဆုဖလားအားလုံးကို အချိန်တိုအတွင်း ရယူနိုင်သည့် ပထမဆုံးကစားသမားဖြစ်လာသော ဂယ်ရီကာဟေးလ်

(လန်ဒန်)။ ။ ချယ်လ်ဆီး နောက်ခံကစားသမား ဂယ်ရီကာဟေးလ်သည် ပရီးမီးယားလိဂ် သမိုင်းတွင် အချိန်တိုအတွင်း အဓိက ဆုဖလားအားလုံးကို ရယူနိုင်သော ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ကာဟေးလ်သည် ၂၀၁၂ ခုနှစ်က ဘော်လ်တန်မှ ချယ်လ်ဆီးသို့ ပြောင်းရွှေ့လာခဲ့ပြီး သုံးနှစ်အတွင်းမှာပင် ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတို့အားလုံးကို ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်က ဘော်လ်တန်အသင်းတွင် တန်းမဆင်းရရန် ရုန်းကန်ခဲ့ရသော ကာဟေးလ်သည် ၂၀၁၂ ခုနှစ်တွင် ချယ်လ်ဆီးသို့ ရောက်ရှိလာပြီး အဓိက နောက်ခံလူ တစ်ဦးဖြစ်လာခဲ့သည်။ အသင်းခေါင်းဆောင်တယ်ရီနှင့် အကောင်းဆုံး တွဲဖက်ကစားနိုင်ခဲ့ကာ ပထမဆုံးနှစ်တွင် အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလား၊ ၂၀၁၃ -၁၄ ခုနှစ်တွင် ယူရိုပါလိဂ်ဖလား၊ ၂၀၁၄-၁၅ ရာသီတွင် ကက်ပီတယ်ဝမ်းဖလားနှင့် ပရီးမီးယားလိဂ်ဖလားတို့ကို ရယူနိုင်ခဲ့သည်။

ကာဟေးလ်ကဲ့သို့ပင် ဆုဖလားများ ရယူနိုင်သည့် ကစားသမားများရှိသော်လည်း ၎င်းတို့၏ ဆုဖလားအားလုံးရရှိချိန်မှာ ကာဟေးလ်လောက်မြန်ဆန်ခြင်း မရှိခဲ့ပေ။ ချယ်လ်ဆီးအသင်းတွင် ဒရော့ဂ်ဘာ၊ တယ်ရီ၊ လမ်းပတ်၊ ပီတာချက်၊ မီခေးလ်၊ ဖာရဲရား၊ လီဗာပူးလ်အသင်းတွင် ဒဲလ်ဂလစ်ရှ်၊ ကလီးမန့်၊ ဖီးနေးလ်နှင့် စတိဗ်ဟိုက်ဝေးတို့ဖြစ်သည်။

ကင်နီဒဲလ်ဂလစ်ရှ်ဆိုလျှင် ၁၉၇၇ မှ ၁၉၈၀ ခုနှစ်အတွင်း လီဗာပူးလ်နှင့် ဆုဖလားအားလုံးရယူနိုင်ခဲ့သော်လည်း အက်ဖ်အေဖလားကိုမူ ၁၉၈၆ ခုနှစ်မှ ရယူနိုင်ခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly