ပဲခူးတိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး (Bago Observer Group) အဖွဲ့ရဲ့ တာဝန်ခံ ကိုလင်းနိုင်ဦးနှင့် တွေ့ဆုံခြင်း

ပဲခူးတိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး (Bago Observer Group) အဖွဲ့ရဲ့ တာဝန်ခံ ကိုလင်းနိုင်ဦးနှင့် တွေ့ဆုံခြင်း

“ ပြင်ဖို့ ရပ်ကွက်ကော်မရှင် ရုံးကို သွားတဲ့အခါမှာ ပုံစံသုံးကို ဖြည့်ဖိ့ု ကော်မရှင်မှာ ပုံစံစာရွက် မရှိဘူး”
 

နယ်ဒေသများတွင် ရွေးကောက်ပွဲအတွက် ကော်မရှင်က ပြင်ဆင်မှုများ၊ ကျေးလက်က လူငယ်တွေ ဘာတွေ ပြောသလဲဆိုတာကို ပဲခူးတိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး (Bago Observer Group) အဖွဲ့ရဲ့ တာဝန်ခံ ကိုလင်းနိုင်ဦးကို မဇ္ဈိမက တွေ့ဆုံမေးမြန်း ထားပါတယ်။

မေး - ပဲခူးတိုင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ အနေနဲ့ လက်ရှိ လုပ်ဆောင်မှုတွေ ဘာတွေရှိလဲ။

ဖြေ - ကျွန်တော်တို့ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းတွေ ပဲခူးတိုင်းက ကျေးရွာတွေထိဆင်းပြီး လုပ်တယ်။ နောက်ပြီး မဲစာရင်းတွေကို စောင့်ကြည့်တာတွေလည်း လုပ်ပါတယ်။

မေး- မဲစာရင်းတွေ စောင့်ကြည့်တယ်ဆိုတော့ ဘယ်လို အကြောင်းအရာတွေ ထူးခြားတာရှိလဲ။

ဖြေ- မဲစာရင်း စတင်ကြေညာတဲ့ အချိန်ကနေပြီး တချို့ဒေသတွေမှာဆိုရင် သုံးရက်လေးရက်ထိ ကပ်မထားတာ တွေ့ရတယ်။ ကပ်တဲ့ နေရာမှာလည်း အမြင့်ပေါ်မှာ ကပ်တာ၊ အထပ်လိုက်ကပ်ထား တာတွေလည်း တွေ့ရတယ်။ တစ်ရွက်ချင်း ကပ်တဲ့မြို့နယ် ရှိသလို အထပ်လိုက်ကပ်တဲ့မြို့နယ် တွေလည်း ရှိတယ်။ ပဲခူးမြို့မှာ ၃၁ ရပ်ကွက် ရှိတယ်။ အဲဒီမှာ ၂၅ ရပ်ကွက်လောက်က အထပ်လိုက်ကပ်ထားတာကို တွေ့ရတယ်။

မေး- အဲဒီလိုတွေ့ရတော့ အစ်ကိုတို့ အဖွဲ့က ဘယ်လို ဆက်လက်ဆောင်ရွက်လဲ။

ဖြေ- ကျွန်တော်တို့ အနေနဲ့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေကို အကြောင်းကြားတယ်။ တချို့မြို့နယ်တွေ ကတော့ ပြန်ပြင်ပေးတယ်။ တချို့ပြောတာကတော့ မဲရုံကျဉ်းလို့ ဆိုတဲ့ အကြောင်းပြချက်ပေးပါတယ်။

မေး- နောက်ပြီး မဲစာရင်းထဲမှာကော မှန်ကန်မှုရှိတာ တွေ့လား။

ဖြေ- မဲစာရင်း စိစစ်တဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ မဲရုံအားလုံးကို မစိစစ်နိုင်ဘူး။ တချို့ စိစစ်မိတာ တွေမှာ တွေ့တာတချို့ရှိတာက ရပ်ကွက်တစ်ခုမှာဆိုရင် တစ်လမ်းလုံး ပျောက်သွားတာတို့ မိသားစု ၂၀ လောက်ရဲ့ နာမည်တွေ မပါတာတို့ တွေ့ရတာရှိတယ်။ မဲစာရင်းမှာလည်း စိစစ်တဲ့ နေရာမှာ နာမည်စာလုံးပေါင်း မှားတာတွေလည်း ရှိပါတယ်။

မေး- အဲလိုမျိုး တစ်လမ်းလုံး ပျောက်သွားတာမျိုးကို ကာယကံရှင်တွေကကော သွားပြီး ပြင်ဆင်တာ ရှိလား။

ဖြေ- ကျွန်တော်တို့ အရင်ဆုံး ကာယကံရှင်တွေဆီ အရင်သွားပြီး အမည်စာရင်းတွေ မဲစားရင်းမှာ မပါဘူးဆိုတာ သွားပြော ပါတယ်။ သူတို့ကလည်း ပြင်လည်း ပြင်ပါတယ်။ ပြင်ဖို့ ရပ်ကွက် ကော်မရှင် ရုံးကို သွားတဲ့အခါမှာ ပုံစံသုံးကို ဖြည့်ဖိ့ု ကော်မရှင်မှာ ပုံစံစာရွက် မရှိဘူး။ သူတို့ ပြောတာကတော့ မြို့နဲ့ အလှမ်းဝေးတဲ့အတွက် မိတ္တူစက်တွေ မိတ္တူဆိုင်တွေ မရှိလို့ ပုံစံ ၃ စာရွက်တွေ မရှိဘူး။ သူတို့မှာ နမူနာ တစ်ရွက်ပဲ ရှိတယ်လို့ ပြောတယ်။ ရိုးရိုးစာရွက်မှာပဲ ရေးခဲ့ပါလို့ ပြောတယ်။ ဒါတွေက တရားမဝင် ဘူး ပေါ့ဗျ။ အဲဒီပြဿနာက ကော်မရှင်က တာဝန်ရှိနေတယ်။

မေး- အခု အဲဒီလို ရိုးရိုးစာရွက်မှာ ရေးခဲ့တဲ့ သူတွေကော မဲစာရင်းမှာ ပြန်ပါပြီလား။

ဖြေ- မပါသေးဘူး ခင်ဗျ၊ (ဇွန် ၁၀ ရက်)။ မဲစာရင်းမှာ ပြန်ဖြည့်ပြီး ပြန်ကတ်ပေးတာ မရှိဘူး။ ဥပဒေအရ တော့ ၁၄ ရက်အတွင်းမှာ လုပ်ပေးရမယ်။ တိုင်းကော်မရှင်နဲ့ တွေ့တဲ့အခါမှာတော့ ချက်ချင်း လုပ်ပေး မယ်လို့ ပြောထားတယ်။ ဒါပေမယ့် တကယ့် ရပ်ကွက် အောက်ခြေတွေမှာ အဲဒီပြဿနာတွေ အများကြီး တက်လာတယ်။ ဒါပေမယ့် မဖြေရှင်းပေးနိုင်သေးဘူး။

မေး- မဲစာရင်းနဲ့ ပတ်သက်ပြီး တခြားထူးခြားတဲ့ တွေ့ရှိမှုတွေကော ရှိသေးလား။

ဖြေ- နောက်တစ်ခု ထပ်တွေ့တာက သနပ်ပင်မြို့နယ်မှာဆိုရင် မဲစာရင်းမှာ နာမည်တော့ပါတယ်။ မှတ်ပုံတင်နံပါတ်တွေ မပါဘူး။ မှတ်ပုံတင်က ရိုက်ပြီးသား ဒါပေမယ့် သူတို့လက်ထဲမှာ မရှိဘူး။ ကျွန်တော်တို့ ဒါကို တွေ့တော့ မြို့နယ်ကော်မရှင်ကို အကြောင်းကြားတယ်။ တချို့မြို့နယ် ကော်မရှင်တွေကတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တာရှိပါတယ်။

မေး- မဲစာရင်း ကပ်တာတွေကကော ဒေသမှာ သက်ရောက်မှုရှိလား။

ဖြေ- မဲစာရင်းကပ်တဲ့ နေရာအချို့ကတော့ သက်ရောက်မှု ရှိတယ်။ အချို့နေရာတွေကတော့ တမင် မကြည့်ဖြစ်အောင် ကပ်ထား သလား ထင်ရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရပ်ကွက်ရုံးလည်းမဟုတ် ကော်မရှင်ရုံးလည်း မဟုတ်ဘူး။ ရွာပြင်က ဓမ္မာရုံမှာ ကပ်ထားတာကိုလည်း တွေ့ရတယ်။ လေးငါးရွာလောက်ကို စုပြီး အဲဒီ ဓမ္မာရုံမှာ ကပ်တယ်။ တချို့ရွာတွေက အဲဒီကို လှေနဲ့ လာကြည့်ရတာမျိုး ရှိတယ်။

မေး- ကျေးလက်တွေကို ဆင်းတဲ့ နေရာမှာ လူငယ်တွေ ပါဝင်မှုတွေကိုကော ဘယ်လိုတွေ့ရလဲ။

ဖြေ- လူငယ်တွေ ပါဝင်လာမှုက လက်ရှိ ရှစ်မြို့နယ်ကို ဆင်းတဲ့အခါမှာ လူငယ်တွေ ပါဝင်လာမှု နည်းတာကို တွေ့ရတယ်။ နယ်တွေမှာ အမျိုးသမီးကြီးတွေရဲ့ ပါဝင်မှုကိုတော့ အားရတယ်။ လူငယ်တွေ ပါဝင်မှုကတော့ အားနည်းနေတာပေါ့နော်။

မေး- လူငယ်တွေ စိတ်ပါဝင်စားမှု အားကောင်းလာအောင် ဘယ်လိုလုပ်သင့်လဲ။

ဖြေ- လူငယ်တွေအတွက် အွန်လိုင်းက ဖေ့ဘွတ်က တစ်ဆင့် အသိပညာပေးတာတွေ လုပ်သင့်တယ်။ လူငယ်တော်တော် များများက အွန်လိုင်းသုံးလာကြပြီလေ။

မေး- အွန်လိုင်းမသုံးတဲ့ ကျေးလက်က လူငယ်တွေအတွက် ဆိုရင်ကော။

ဖြေ- ကျေးလက်က လူငယ်တွေက ဘောလုံးပွဲတွေကို စိတ်ဝင်စားကြတာ တွေ့ရတယ်။ ကျွန်တော်တို့ သွားတုန်းကဆို ဘောလုံး ပွဲရှိနေလို့ လူငယ်တွေ မလာကြဘူး ဒီလိုလည်း ကြုံခဲ့ဖူးတယ်။ သမ္မတကြီးက ဘောလုံးပွဲ ပထမပိုင်း အပြီးမှာ ဝင်ပြီးအားပေး စကား ပြောတာမျိုး လုပ်လိုက်တဲ့အတွက် သမ္မတကြီးရဲ့ အစီအစဉ်က တော်တော်ထိရောက်သွားတယ်။ အဲလိုမျိုးပဲ တကယ် စေတနာရှိတယ်။ တကယ်သိစေချင်တယ်ဆိုရင် လူငယ်တွေ ကြားထဲကို ဘယ်လို ပုံစံမျိုးနဲ့ ရောက်မလဲဆိုတာ စဉ်းစားပြီး ဆောင်ရွက်ပေးသင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly