တချို့က မတည်ငြိမ်စေဖို့ လုပ်နေတယ်၊ မတည်ငြိမ်မှုလမ်းကို မတွန်းပို့ပါနဲ့ဟု ဒေါ်စုပြော

တချို့က မတည်ငြိမ်စေဖို့ လုပ်နေတယ်၊ မတည်ငြိမ်မှုလမ်းကို မတွန်းပို့ပါနဲ့ဟု ဒေါ်စုပြော

နေပြည်တော် (မဇ္ဈိမ)။ ။ နိုင်ငံအတွက် အထူးလိုအပ်နေသည့် မှန်ကန်သည့် အပြောင်းအလဲကို ရရှိရေး ၂၀၁၅
ရွေးကောက်ပွဲသည် တည်ငြိမ်သည့် ရွေးကောက်ပွဲ ဖြစ်ရန်လိုကြောင်း၊ မတည်ငြိမ်သည့် လမ်းကို တွန်းပို့နေသူ အချို့အား မတွန်းပို့ပါနှင့်ဟု ပြောလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (ဇွန် ၁၉ ရက်) ၌ ကျရောက်သော ၎င်း၏ ၇၀ နှစ်ပြည့် မွေးနေ့တွင် မီဒီယာကို ပြောခဲ့သည်။

“မတည်ငြိမ်မှုလမ်းကို မတွန်းပို့ပါနဲ့။ အခုကာလကတော့ အမေတို့ နိုင်ငံအတွက် တည်ငြိမ်မှုက အရမ်းအရေးကြီးတယ်။ တည်ငြိမ်တဲ့ ရွေးကောက်ပွဲလမ်းကို သွားနိုင်မှ နိုင်ငံအတွက် အထူးလိုအပ်တဲ့ တကယ့် အပြောင်းအလဲကို ရနိုင်မယ်။

တချို့တွေဟာ မတည်ငြိမ်စေဖို့ လုပ်နေတယ်လို့ အမေတို့ သုံးသပ်လို့ရတယ်။ ဒါဟာ အထင်အမြင် လွဲတာလည်း ဖြစ်နိုင်တယ်။

မှားရင်လည်း မှားမယ်ပေါ့နော်။ ဒါပေမယ့် အဲဒီလို မတည်ငြိမ်မယ့်လမ်းကို မတွန်းပို့ပါနဲ့လို့ ပြောချင်တယ်။ ဒါဟာ မီဒီယာမှာ အများကြီး လုပ်နိုင်တာတွေ ရှိတယ်။ ထိန်းထိန်းသိမ်းသိမ်းဖြစ်အောင် လူတွေက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားရမလဲဆိုတာကို သဘောပေါက်အောင် အဲဒါကိုတော့ ကူညီစေချင်တယ်” ဟု ၎င်းက မီဒီယာကို တိုက်တွန်းပြောကြားသည်။

တည်ငြိမ်သည့် အခြေအနေများ ပေါ်ပေါက်သည့်တိုင် ပိုပြီး ကြီးထွားမလာစေရန် မီဒီယာက ထိန်းထိန်းသိမ်းသိမ်း
ရေးသားဖော်ပြပြီး ပြည်သူတို့အာရုံလွဲ လမ်းလွဲမှု မဖြစ်စေရန် တည့်မတ်ပေးဖို့ လည်း ၎င်းက တိုက်တွန်းသည်။

“ရွေးကောက်ပွဲများ မှန်မှန်ကန်ကန်နဲ့အေးအေးဆေးဆေး ဖြစ်အောင် ရွေးကောက်ပွဲ အလွန်မှာလည်း အေးအေးဆေးဆေး
တည်တည်ငြိမ်ငြိမ်နဲ့ကိုယ်လိုချင်တဲ့ နိုင်ငံမျိုး ဖြစ်ပေါ်လာအောင် ပေါ့နော်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မဲစာရင်းများ လွဲမှားနေခြင်း၊ မဲစာရင်းတွင် ပါရမည့် ဒေသခံတို့ အမည်များ ကျန်နေခြင်းအတွက် ပြန်လျှောက်ထားရာတွင် NLD ပါတီက ပုံစံဖြည့်ခြင်းမှအစ တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ မဲစာရင်းများ လွဲမှားနေခြင်းကို ပြန်လည်တည့်မတ်ရာတွင် မီဒီယာများက မိမိတို့ လက်လှမ်းမီ သလောက် ကူညီကြရန်လည်း ၎င်းက တိုက်တွန်းသည်။

“မဲပေးခွင့် စာရင်းတွေမှာ အမှားတွေ အများကြီး ရှိတယ်ဆိုတာ အဖွဲ့ချုပ်ကလည်း ကြေညာ ထားပြီးပြီလေ။

အဲဒါကို သေသေချာချာ လေ့လာပြီး ရွေးကောက်ပွဲကော်မရှင် တွေ့တဲ့အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သူတို့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။ NLD က လုပ်ပေးတာတွေကိုလည်း သူတို့ သဘောကျတယ်။

ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါပေမယ့် အများပြည်သူက ကိုယ့်ဘာကိုယ်ပဲ ကိုယ်လုပ်ရတယ်၊ ကိုယ်ပါရဲ့လား ဆိုတာလည်း သွားကြည့်ရမယ်။ ကြည့်ဖို့လည်း ကြိုးစားရမယ်။ အမေတို့ အဖွဲ့ချုပ်ကတော့ လိုက်ကြည့်ပေးတာပဲ။ ဒါပေမယ့် အဖွဲ့ချုပ် တစ်ခုတည်းနဲ့မပြီးဘူး။ ဘယ်လိုပုံစံနဲ့ကြည့်ရမယ်၊ ကိုယ့်နာမည် မပါဘူးဆိုရင် ပါအောင် ဘယ်လို လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေလည်း အမေတို့ထုတ်မယ်။ ကိုယ် လက်လှမ်းမီရာတွေမှာ အားလုံး ဝိုင်းပြီးတော့ ကူညီစေချင်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မဲပေးခွင့် ရထားသူတို့သည် မိမိအခွင့်အရေးကို တန်ဖိုးထားပြီး ထိရောက်စွာ အသုံးချစေလိုကြောင်းလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အခု ၂၀၁၅ မှာ ပေးတဲ့ မဲတစ်ပြားဟာ ကိုယ့်နိုင်ငံရဲ့ အနာဂတ် ဘယ်လိုပုံစံ ဖြစ်လာမယ် ဆိုတာကို ဆုံးဖြတ်ချက်ပေးတဲ့ မဲတစ်ပြားပဲ။ မဲတိုင်း မဲတိုင်းဟာ အရေးကြီးတယ်ဆိုတာကို သဘောပေါက်ရမယ်။ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးဆင်းတော့ အန်တီရိုးရိုးလေးပဲ ရှင်းပြတယ် “မဲတစ်ပြားရဲ့ အရေးပါမှု” ရွေးကောက်ပွဲနေ့မဲပေးတဲ့အခါမှာ လူတိုင်း လူတိုင်းဟာ တန်းတူပဲ။ သမ္မတနဲ့တန်းတူ လူတိုင်း အခွင့်အရေး ရှိတယ်။ သမ္မတကြီးကိုယ်တိုင် မဲတစ်ပြားပဲ ပေးခွင့် ရှိတယ်။ အိမ်ရာ မရှိတဲ့ လမ်းဘေးကလူလည်း မဲပေးပိုင်ခွင့်မှာ သမ္မတကြီးနဲ့တန်းတူအခွင့်အရေးရတယ်” ဟု အန်တီစုက ပြောသည်။

“ဒီလို အခွင့်အရေးမျိုးဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာမှ ရတာ။ ဒါပေမယ့်လည်း ဒီလောက်အရေးကြီးတဲ့ ရွေးကောက်ပွဲမှာ မဲပေးဖို့ ဆိုတာဟာ ၂၀၁၅ ရွေးကောက်ပွဲအချိန်မှာ မဲပေးပိုင် ခွင့်ရှိတဲ့ ပုဂ္ဂိုလ်များရဲ့ အထူးအခွင့်အရေးပဲ။

ဒီလိုအခွင့်အရေးမျိုးဟာ နောင် မြန်မာ့သမိုင်းမှာ ပြန်လာ ချင်မှ လာမှာ။ အဲဒီတော့ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုင်ငံ့သမိုင်းအတွက် အင်မတန် အရေးကြီး တယ်ဆိုတာကို ပြည်သူတွေ သဘောပေါက်စေချင်တယ်။ ရွေးကောက်ပွဲပဲဆိုပြီး ပေါ့ပေါ့ မထားဘ ဒါငါတို့နိုင်ငံရဲ့ အနာဂတ်ပဲ။ ငါတို့သားသမီးတွေဟာ ဘယ်လို လူ့အသိုင်းအဝိုင်းမှာ နေသွားရမယ် ဆိုတာ ရွေးကောက်ပွဲရဲ့ မဲတစ်ပြားစီ တစ်ပြားစီက ဆုံးဖြတ်သွားမှာပါ” ဟုလည်း မွေးနေ့အထိမ်း အမှတ် စကားအဖြစ် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly