နေပြည်တော် မြို့မစျေး ဆိုင်ခန်းလေးခန်း မီးလောင်

နေပြည်တော် မြို့မစျေး ဆိုင်ခန်းလေးခန်း မီးလောင်

နေပြည်တော်၊ ဇွန် ၁၉  ။       ။ နေပြည်တော် မြို့မဈေးတွင် လျှပ်စစ်မီးဖိုအပူလွန်ကဲရာမှ ဆိုင်ခန်းလေးခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ကျပ်ခုနစ်သိန်းခန့်ဆုံးရှုံးသည်ဟု နေပြည်တော်မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောသည်။

"လျှပ်စစ် မီးဖိုဖွင့်ထားတာကနေ အပူလွန်ပြီးလောင်တာ။ ဆိုင်ခန်းလေးခန်းတော့ လောင်သွားတယ်။ ဆုံးရှုံးမှုတော့ မများပါဘူး၊ ကျပ် ခုနစ်သိန်းလောက်ပဲ ခန့်မှန်းထားပါတယ်"ဟု ၎င်းက ဖြေကြားသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေးရှိ ပွဲရုံတန်းမှ ပ ၁၆၇ မိုးသီဟလျှပ် စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဆိုင်မှ လျှပ်စစ်မီးဖိုအပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့ရာ ပ-၁၆၆၊ ပ-၁၆၇၊ ပ-၁၆၈ နှင့် ပ-၁၆၉ ဆိုင်ခန်း လေးခန်း မီးလောင် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

"မီးခိုးတွေ ထွက်လာတော့ မီးလောင်တယ်ဆိုတာသိတာ။ မီးလောင်ပြီး နည်းနည်းကြာမှ မီးသတ်ကားတစ်စီး ရောက်လာတယ်။ အဲ့ဒီအချိန်မှာ တစ်စီးတည်းနဲ့ မနိုင်ဘူး။ နောက်ထပ်ကားတွေ ရောက်လာတော့မှပဲ နိုင်တော့တယ်။ ကျွန်မတို့ပစ္စည်းတွေကိုလည်း အပြင်ရွှေ့ထားရတယ်" ဟု ပွဲရုံတန်းမှ အမျိုးသမီး တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်သည့် နေရာသို့ နေပြည်တော်ရှိ မီးသတ်ကားအစီး ၃၀ ဖြင့်လာရောက်ငြိမ်းသတ်ခဲ့ကြပြီး မွန်းလွဲတစ်နာရီခွဲ အချိန်တွင် မီးငြိမ်သတ်နိုင်ခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် မီးလောင်ကျွမ်းသည့် တိုက်ခန်းပိုင်ရှင်အား ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း နေပြည်တော် မီးသတ်ဦးစီး ဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly