ဂျပန်နိုင်ငံမှ ချီးမြှင့်သည့် Fukuoka Grand Prize 2015 ဆုကို ဒေါက်တာသန့်မြင့်ဦး ရရှိ

ဂျပန်နိုင်ငံမှ ချီးမြှင့်သည့် Fukuoka Grand Prize 2015 ဆုကို ဒေါက်တာသန့်မြင့်ဦး ရရှိ

ရန်ကုန် ဇွန် ၁၉ ။      ။ ဂျပန်နိုင်ငံ ဖူကူအိုကာဆုချီးမြှင့်ရေး ကော်မတီက ချီးမြှင့်သည့် Fukuoka Grand Prize 2015 ဆုကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦး ရရှိကြောင်း ဇွန် ၁၉ရက်က ကြေညာခဲ့သည်ဟု ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)၏ ပြန်ကြားရေး တာဝန်ခံ ဒေါ်ရွှေယင်းမာဦးက ပြောသည်။

ဖူကူအိုကာ Grand Prize သည် အာရှရှိ ပညာရေး၊ အနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့ သူများ အား ပေးအပ်သည့် ဆုဖြစ်ပြီး ဒေါက်တာသန့်မြင့်ဦး အနေဖြင့် မြန်မာပြည်သူလူထု၏ အသံကို ကိုယ်စားပြုကာ ၂၁ရာစုအာရှ၏ ထင်ရှားသော ပညာရှင်တစ်ဦးအနေဖြင့်  နိုင်ငံတကာအသိုက်အဝန်းနှင့် ချိတ်ဆက်ပေးသူတစ်ဦး ဖြစ်၍ ယင်းဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု ဆုရွေးချယ်ရေး ကော်မတီက ကြေညာခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

ဆုရွေးချယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဒေါက်တာသန့်မြင့်ဦးသည် ဘိုးဘွားအဆက်ဆက် နေထိုင်ခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို လက်လှမ်းမီသမျှ ရေးသားလျက်ရှိပြီး၊ နိုင်ငံ၏ ကိုယ်ပိုင်ဝိသေသလက္ခဏာကို ပြန်လည်ဖော်ဆောင်ရန် အတွက် မြန်မာနိုင်ငံရှိ သမိုင်းဝင် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းရေး ဆွဲရေး ကိစ္စရပ်များတွင် တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိကာ အာရှနှင့်လူ့အဖွဲ့အစည်းအတွက် ထူးခြားသော စွမ်းဆောင် မှုကြောင့် ဖူကူအိုကာ Grand Prize ကို အမှန်တကယ် ထိုက်တန်သော ဆုရှင်ဖြစ်သည်ဟု ဖော်ပြထားသည်။

ဒေါက်တာသန့်မြင့်ဦးက “ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ အရေးကြီးလှတဲ့ လုပ်ငန်းတာဝန်တွေကို ဒီဆုကထင်ဟပ်နေပါပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပြယုဂ်လည်း ဖြစ်ပါတယ်။

ဒီဆုကိုကိုယ်တိုင်ကိုယ်ကျ လက်ခံယူနိုင်ဖို့အတွက် ဒီနှစ်အတွင်းမှာ ဂျပန်နိုင်ငံကို သွားရောက်နိုင်ဖို့လည်း မျှော်လင့်ပါတယ်” ဟုဆိုသည်။

အဆိုပါဖူကူအိုကာဆုကို မြန်မာနိုင်ငံမှ ၂၀၀၀ ခုနှစ်တွင် ဒေါက်တာသန်းထွန်း နှင့် ၂၀၀၅ ခုနှစ်တွင် ဒေါက်တာသော်ကောင်း တို့လည်း ရရှိခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly